ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး USDP ထောက်ခံသူတချို့ ကန့်ကွက်ဆန္ဒပြ

သီဟထွန်း၊ သက်စုအောင်
2021.01.22

ဒီနေ့ နေပြည်တော် ရွှေနံသာကျေးရွာမှာလုပ်တဲ့ ကန့်ကွက်ဆန္ဒပြပွဲကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူ ၂၀ ခန့်တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက်ကလည်း အင်အား ၃၀ ခန့်နဲ့ မျက်ခြေမပြတ် လုံခြုံရေး စောင့်ကြည့်တာကို တွေ့ရပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူဖြစ်တဲ့ ပုဗ္ဗသီရိမြို့နယ်က ဦးကျော်ဌေးက ဒီဆန္ဒပြပွဲကို ကျန်းမာရေး စည်းကမ်းချက် တွေနဲ့အညီ ဆန္ဒပြသူ၊ ဝန်းရံသူနဲ့ ထောက်ခံသူ စုစုပေါင်းအင်အား ၃၀ ထက်မကျော်ဖို့ ဝန်ခံချက် လက်မှတ် ထိုးပြီးမှ ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပေါ် ယုံကြည်မှုမရှိလို့ ကန့်ကွက်ဆန္ဒပြတာလို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ပုဗ္ဗသီရိမြို့နယ် က ဦးကျော်ဌေးက ပြောပါတယ်။

"ကျနော်တို့က ရွေးကောက်ပွဲ တရားမျှတမှုရှိစွာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကြီး မဟုတ်ဘူးလို့ ယုံကြည်မှု မရှိလို့ ပေါ့လေ။ အဲလိုမျိုးအပြင် နောက်တစ်ခါ ရွေးကောက်ပွဲ တရားမျှတမှု ဖြစ်စဉ်ဖြစ်ဖို့အတွက် ကျနော်တို့ ပါတီအသီးသီးကလည်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာရှိတယ်၊ နောက်တစ်ခါ တပ်မတော်ကလည်း ထုတ်ပြန်ချက်တွေ ထုတ်တယ်၊ ထုတ်တဲ့အခါမှာ မဲစာရင်း အလွဲအမှားတွေ နောက်တစ်ခါ မဲစာရင်းအပေါ် မှာ သံသယဖြစ်စရာ အချက်တွေ အများကြီးတွေ့တယ်ဆိုပြီးတော့ ထုတ်ပြန်ထားတာတွေ့ရတယ်၊ တွေ့တော့ ဒီအချက်တွေကို လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သက်ဆိုင်ရာ အဖွဲ့တွေပေါ့လေ။ ဒါတွေက နေပြီးတော့ ဖြေရှင်းတဲ့ဥစ္စာမှာ အဲဒါ ပွင့်လင်းမြင်သာစွာ ဖြေရှင်းတဲ့ အနေအထားမရှိဘဲနဲ့ ဒါကိုလစ်လျူ ရှုထားတဲ့ ပုံစံမျိုးဖြစ်နေပြီးတော့ နောက်ပါတီ အသီးသီးက ရှုံးနိမ့်သွားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်းပဲ ကန့်ကွက်လွှာတွေ တင်ထားတာတွေ၊ ဒါတွေကိုလည်း ခုချိန်အထိ စိစစ်ဆောင်ရွက်ခြင်း မရှိသေးဘူးပေါ့၊ မရှိသေးတဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့် ဒီကို ဆန္ဒဖော်ထုတ်ပွဲကို လုပ်ရတာဖြစ်ပါတယ်။"

ဆန္ဒပြသူတွေက " တပ်နဲ့ ပြည်သူ အတူတူ သွေးခွဲလာသူ ဒို့ရန်သူ၊ အာဏာအလွဲသုံးသူ ဒို့ရန်သူ " ဆိုတဲ့ စာသားတွေ ပါဝင်တဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ခဲ့ကြသလို၊ USDP ပါတီ ထောက်ခံသူ သုံးဦးကလည်း ရွေးကောက်ပွဲ မဲရလဒ် မျှတမှုမရှိဘူးဆိုပြီး ဟောပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ နေပြည်တော်ကောင်စီအဖွဲ့ကလည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါထိန်းချုပ်ရေးနဲ့ မကြာခင်ကျင်းပတော့မယ့် လွှတ်တော်သစ် အစည်းအဝေးတွေအတွက် နေပြည်တော် အဝင်အထွက် ဂိတ်တွေကို လုံခြုံရေးတင်းကျပ်လိုက်ပါတယ်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်မြင်ထွန်းက နေပြည်တော်နယ်မြေထဲကို ရိုးရိုးသားသား ဝင်လာသူ တွေအတွက် စည်းကမ်းတင်းကျပ်တာမဟုတ်ဘဲ ဥပဒေနဲ့ မညီဘဲ ခိုးဝင်လာသူတွေအတွက် လုံခြုံရေး တင်းကျပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

"သူတို့က ဥပဒေနဲ့အညီ နေထိုင်တယ်၊ တချို့ကျတော့ အဲလို မနေချင်ဘူးပေါ့ဗျာ၊ ဝင်တယ် ထွက်တယ်၊ သွားတယ် လာတယ်ဆိုတဲ့အခါမှာ ကျနော်တို့ တားဆီးပိတ်ပင်ထားတဲ့ အတားအဆီး အပိတ်အပင်တွေကို ဖျက်တယ် ချိုးတယ် ဖောက်တယ်ဆိုတဲ့ဟာမျိုးတွေက တိတ်တိတ်သော်လည်းကောင်း၊ ဒါမှမဟုတ် ညအခါမှာ သော်လည်းကောင်း လုပ်တာတွေလည်းရှိတယ်၊ ရှိတော့ ကျနော်တို့က နို့တစ် (သတိပေး) ပေါ့ဗျာ၊ ဒါဟာ ဥပဒေနဲ့တော့ မညီဘူး၊ ကျနော်တို့ ဥပဒေနဲ့အညီ အရေးယူမယ် ပြတ်ပြတ်သားသား ပိုပြီးတော့ နောက်အထူးသဖြင့်လည်း ခင်ဗျားစဉ်းစားကြည့်ပေါ့ဗျာ၊ အပြောင်းအလဲကာလမှာ ဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိနေတာပေါ့။"

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင်တွေနဲ့ ထောက်ခံသူ ဝန်းရံသူတွေဟာ၊ တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေကို ထောက်ခံကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ် တရားမျှတမှုရှိစေရေးအတွက် နေပြည်တော်နယ်မြေအတွင်း နေရာသုံးခုမှာ ဒီနေ့ တစ်ပြိုင်တည်းဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ဒီမိုကရေစီခေတ်မှာ မတူကွဲပြားမှုတွေကို လက်ခံရမှာ ဖြစ်တာကြောင့် ဥပ‌ဒေနဲ့အညီ ကန့်ကွက်ဆန္ဒပြတာဟာ ပြဿနာတော့ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲဟာ အမှန်တကယ် လွတ်လပ် မျှတတယ်ဆိုရင် အများပြည်သူ လက်ခံအောင် တာဝန်ယူရှင်းပြလိုက်ရင် ဒီပြဿနာတွေ ပြေလည်သွားမယ်လို့ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

"ကျနော့် အမြင်ကတော့ ဒီပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့က ပြဿနာကို မွေးထားသလို ဖြစ်နေတယ်၊ နောက်ပြီးတော့ အနာကိုလည်း မွေးထားသလို ဖြစ်နေတယ်လို့ မြင်တယ်၊ တကယ့် တကယ်တော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းကိစ္စနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ဒီမဲရလဒ် ကိစ္စနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် တိုင်တန်းမှုတွေရှိမယ်၊ နောက်ပြီးတော့ ကန့်ကွက်မှုတွေ ရှိမယ်ဆိုရင် ဒါတွေနဲ့ ပတ်သက်ပြီးတော့ အချိန်နဲ့တစ်ပြေးညီ အချက်အလက် တိတိကျကျနဲ့ ပြန်ပြီးတော့ ဖြေရှင်းနိုင်မယ်ဆိုရင် ဒါအစောကြီးကတည်းက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်လို့မြင်တယ်၊ လိုအပ်မယ် ဆိုရင် ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီရဲ့ ကိုယ်စားလှယ်တွေ အရပ်ဖက် အဖွဲ့အစည်းကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီးတော့ အချက်အလက် တိတိကျကျနဲ့ ရှင်းလင်းနိုင်မယ် ဆိုရင် ပိုပြီးတော့တောင် ကောင်းမွန်တဲ့အခြေအနေတစ်ခု ဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေနဲ့ ဝန်းရံသူ ထောက်ခံသူအချို့ဟာ ရန်ကုန်တိုင်း မှော်ဘီနဲ့ အင်းစိန်ထောင်ရှေ့မှာ လည်း အလားတူ ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့ဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း အပါအဝင် အဖွဲ့ဝင် ၁၅ ဦးကို ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တိုင်ကြားထားပြီး၊ ဒီအမှုကို လက်ခံမခံ အခုလ ၂၉ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စစ်ဆေးဆုံးဖြတ်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။