ကချင် မိုးမောက်မြို့နယ်မှာ စစ်ပွဲကြောင့် ဒေသခံထောင်ချီ ထွက်ပြေးရ

ကိုဂျေ(ဝါရှင်တန် ဒီစီ)
2021.04.13

မိုးမောက်မြို့နယ်ထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီသြဇာခံတပ်တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး၊ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံ တစ်ထောင်ကျော်လောက် နေရပ်စွန့်ခွာ ထွက် ပြေးရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်းမှာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ဧပြီလ ၁၀ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲကြောင့် ရွာတွေထဲကို လက်နက်ကြီး ကျည်တွေကျတဲ့အတွက် နော့ကုန်း၊ မခွယ်၊ ဆီဟပ်၊ ရွှေဟင်္သာ၊ မြို့သစ်၊ မက်ကွိုင်၊ ကုန်းလော့၊ နတ်မှော် ချောင်း၊ ရွှေမြောင်းစတဲ့ အနီးတဝိုက်က ကျေးရွာတွေက ဒေသခံတစ်ထောင်ကျော်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးသွားရတယ်လို့ ဒေသခံကျေးရွာသားတွေကပြောပါတယ်။

ဆီဟပ်ကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက အခုဆိုရင် ရွာထဲမှာ လူမရှိ သလောက်ဖြစ်သွားပြီလို့ ပြောပါတယ်။

“ရွာမှာက မနေရဲကြတော့ဘူး။ ဆွေမျိုးတွေရှိတဲ့ရွာကို ပြောင်းပြီး နေနေကြရတာ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှိတဲ့ထင်းကလေးတွေနဲ့ကန့်ပြီး တချို့က အဲဒီကန့်တဲ့ကြားထဲမှာ ပုန်းနေကြရတာ။ တချို့ကလည်း ကပျာ ကယာ ယောက်ျားလေးတွေရှိတဲ့အိမ်ဆို ဗုံးကျင်းတွေတူးပြီးမှ ပုန်းကြရတာ။ မနေ့ကကျတော့ ကျွန်မတို့ ရွာကကျတော့ ရွာထဲမှာ မရှိသလောက်ဖြစ်သွားပြီ။ လူတွေက ဟိုစစ်တပ်မရှိတဲ့ ရွာတွေကို လမ်းလျှောက် ပုန်းတာရှောင်တာ ပေါ့။ လူကတော့ ထောင်ချီလောက်တော့ရှိမယ်ထင်တယ်။ တချို့ကလည်း လယ်တော မှာ နေနေကြတာ။ သူ့ခြံကိုယ့်ခြံအဲလိုမျိုးပေါ့။ အခုလက်ရှိ မနောင်မှာဆို ထောင်ဂဏန်းလောက်တော့ ရှိတယ်”

တချို့က ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်နေကြရတုန်းဖြစ်သလို တချို့က စစ်ပွဲဧရိယာနဲ့ဝေးနဲ့ တခြား ရွာတွေကို ထွက်ပြေးတိမ်းရှောင်ကြတာလို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ညက တပ်မတော်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆီးဟပ်၊ ရွှေ ဟင်္သာ၊ မက်ကွိုင်၊ မြို့သစ်ရွာတွေပေါ်ကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာတော်တစ်ပါးနဲ့ လူ ရှစ်ယောက်၊ စုစုပေါင်း ကိုးယောက် သေဆုံးခဲ့ပါတယ်။

RFA က မနေ့ကရရှိတဲ့အချက်အလက်တွေအရ သေဆုံးသူ ခုနစ်ဦးသာရှိခဲ့ပေမယ့် သေဆုံးသူ နောက်ထပ် နှစ်ဦး ရှိခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးဖြစ်သွားတာပါ။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီကခန့်ထားတဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မိုးမောက်မြို့ဘက်ကို ထွက်ပြေးကြသလို အချို့ကလည်း တိုက်ပွဲတွေနဲ့ လွတ်ကင်းတဲ့ မနောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွေဆီကို ထွက်ပြေးရောက်ရှိနေကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဒေသခံတွေဟာ တောတောင်တွေထဲမှာ ပုန်းအောင်နေကြရသူတွေလည်းရှိတယ်လို့ နော့ကုန်းရွာသားတစ်ဦး ဖြစ်တဲ့ ကိုနိုင်လင်းက ပြောပါတယ်။

“တိုက်ပွဲစဖြစ်တယ်ဆိုကတည်းက လူတွေက တခြားရွာကိုလာပြီးတော့မှ မနောင်ပိုင်းတွေ ခုံဆင်းပိုင်းတွေ နီးစပ်ရာနေပြီးတော့မှ ညရောက်တော့ တိုက်ပွဲလည်းဖြစ်ရော ဘယ်လိုပြောမလဲ လျိုတွေ၊ မြစ်ချောင်းတွေ အဲဒီကမ်းနားဘက်ကို စုန်ဆင်း အားလုံးနီးပါးက အကုန် ဒီကိုလာလာပုန်းရတယ်။ ခဏပေါ့။ တောထဲမှာပဲ ပြန်နေသွားရတာဖြစ်သွားတယ်။ စိုးရိမ်နေရတာ ကြောက်ရတာပေါ့။ ဒီအခြေနေမှာကတော့ ဘယ်သူမှ ယုံလို့မှ မရတာ။ အကုန်လုံးစိုးရိမ်စိတ်တွေနဲ့ ဖြစ်နေကြတာ”

တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေကိုသတ်ဖြတ်ညှဉ်းဆဲ ဖမ်းဆီးတာတွေများလာတဲ့ အတွက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစလို့ ကချင်ပြည်နယ်တွင်းမှာ စစ်ကောင်စီရဲ့ ရှေ့တန်းတပ်ရင်းတွေ၊ ရဲတပ်ရင်းတွေကို ကချင်တပ်မတော် KIA က တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် နေရာ အနှံ့အပြားမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်တပ်မတော် KIA တို့ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP  ဗဟိုရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်ဒွဲဘူက တပ်မတော်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်လာတာတွေ ပိုပြီးတော့ရှိတဲ့လာအတွက် ပြည်သူတွေအတွက် ပိုစိုးရိမ်ရတယ်လို့ ပြောပါတယ်။

"စစ်ပွဲကတော့ ကချင်ပြည်နယ်မှာ သိပ်ပြီး ထူးထူးခြားခြားတောင် မဟုတ်တော့ပါဘူး။ တသက်လုံး ဖြစ်နေတာဆိုတော့ပေါ့နော်။ အခုနောက်ပိုင်းဖြစ်လာတဲ့ စစ်ပွဲတွေကတော့ ပိုပြီးတော့ ပြင်းထန်လာ တာတွေ လေကြောင်း တိုက်ခိုက်လာတာတွေရှိနေတော့ ကျွန်မတို့က ပြည်သူတွေအတွက် ပိုပြီးတော့မှ စိုးရိမ်နေရတယ်။ သူတို့လည်း ထွက်ပြေးရတယ်။ ပြေးတဲ့အခါကျ မြို့ဘက်ကိုပဲ ထွက်ပြေးရတယ်။ မြို့ဘက်ကို ထွက်ပြေးတယ်။ ဘုရားကျောင်းတွေမှာ ခိုလှုံရတယ်။ အဲလိုမျိုအနေအထားတွေမှာ ပြီးခဲ့တဲ့ ကာလမှာ ကိုယ့်ဒေသ ကိုယ့်နေရပ်ကို ပြန်ဖို့ပေါ့နော်၊ စီစဉ်ဆောင်ရွတ်ဆဲမှာ ယခုလို အခြေနေမျိုးမှာ ဒီလိုမျိုးတွေ ပြန်ဖြစ်တယ်ဆိုတော့ ပိုပြီး ဒုက္ခရောက်ရတာပေါ့"

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ည ကစလို့ ဒီနေ့ထိ ရက်ပေါင်း ၆၀ အတွင်း ကချင်ပြည်နယ်နေရာ အနှံ့အပြားမှာ ထိတွေ့တိုက်ပွဲပေါင်း ၃၀ လောက် ရှိတယ်လို့ ကချင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

အဲဒီအထဲမှာ KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာအနားက အလောဘွမ်တောင် စခန်းသိမ်းတိုက်ပွဲနဲ့ လက်ရှိဖြစ်ပွါးနေတဲ့ ဗန်းမော်မြို့နဲ့ မိုင် ၂၀ ခန့် အကွာ မိုးမောက်မြို့နယ်ထဲက၊ မြို့သစ်ရွာနဲ့ ကုန်းလော့ရွာတိုက်ပွဲတွေဟာ အပြင်း ထန်ဆုံး တိုက်ပွဲတွေ ဖြစ်တယ်လို့ဆိုပါတယ်။

ကချင်ပြည်နယ်မှာ အရင်ကရှိနေခဲ့တဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ဟာလည်း ဒီနေ့အထိ နေရပ်မပြန်နိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။