တိုက်ပွဲတွေကြောင့် မောင်တောကို ထွက်ပြေးတိမ်းရှောင်သူ ၁၇၀ လောက်ရှိ

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် က ဒေသခံတွေ မောင်တောမြို့ သုံးမိုင်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာကြရာမှာ ဒီနေ့အချိန်အထိဆိုရင် လူဦးရေ ၁၇၀ လောက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

သူတို့တွေကို သုံးမိုင်ကျေးရွာအနီးမှာ ယာယီတဲတန်းလျားတွေနဲ့ နေရာချထားပေးတယ်လို့ အကူအညီတွေပေးနေ တဲ့ ဝေဟင်အောင် ပရဟိတအဖွဲ့ခေါင်းဆောင် ကိုဝေဟင်အောင် က ပြောပါတယ်။

" သူတို့စပြီးတော့ ဒီဘက်ကို ထွက်ပြေးလာတာ ဒီဇင်ဘာ (၅) ရက်နေ့တည်းက ထွက်ပြေးလာတယ်ပြောတယ်။ အဲမှာ လမ်းမှာ တချို့ဆိုရင် တစ်ပတ်လောက် ကြာခဲ့တဲ့လူတွေ ရှိတယ်။ တချို့ဆို ၂ ရက်လောက် ကြာခဲ့တဲ့လူ ရှိတယ်။ သုံးမိုင် ပရဟိတကျောင်းမှာ ဆရာတော်ရှိတယ်။ သူက ဒီတိုင်းရင်းသားတွေက မြို တိုင်းရင်းသားတွေ။ ဆရာတော်ကိုမှီပြီး အဲကျောင်းကိုပဲ ဦးတည်ပြီး ထွက်ပြေးလာကြတယ်။ ဆရာတော်က ဒီတိုင်းထားလို့မဖြစ်ဘူး။ သပ်သပ်မှတ်မှတ် တစ်ခုတော့လုပ်ရမယ်ဆိုပြီး ဆရာတော်က သူတို့ကို တဲလေးတွေဆောက်ပေးပြီးတော့ နေဖို့ထိုင်ဖို့ကိစ္စကို ဆရာတော်က စီစဉ်ပေးထားတာ တွေ့ခဲ့ရတယ်ခင်ဗျ"

အခုထွက်ပြေးတိမ်းရှောင်လာကြသူတွေဟာ ဘူးသီးတောင်မြို့နယ် သြရမကျေးရွာအုပ်စု လက်ပံကိုင်း၊ သလူပြား၊ မြောင်းချောင်း၊ အင်းချောင်းနဲ့ လောင်းယုံကျေးရွာအုပ်စု တောင်ချောင်းကြီး၊ နတ်ဆိပ်၊ တောင်ချေ စတဲ့ကျေးရွာတွေကဖြစ်တယ်လို့သိရပါတယ်။

အဲဒီကျေးရွာတွေဟာ ပလက်ဝမြို့နယ်နဲ့ ထိစပ်နေတဲ့ကျေးရွာတွေဖြစ်တာကြောင့် အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ ပစ်ခတ်မှုတွေကို နေ့စဉ်ကြုံတွေ့နေရတာကြောင့် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဝေဟင်အောင်ပရဟိတအဖွဲ့ဟာ စစ်ဘေးတိမ်းရှောင်လာသူတွေအတွက် မနေ့က တဲအိမ်တွေ လှူဒါန်းခဲ့ သလို သောက်သုံးရေ၊ အိမ်သာနဲ့ စားနပ်ရိက္ခာတွေ ဆက်လက်ထောက်ပံ့ဖို့ လိုအပ်နေတယ်လို့လည်း ကိုဝေဟင်အောင်က ပြောပါတယ်။