လူ့အခွင့်အရေး ချိုးဖောက်ရာမှာ တာဝန်ရှိသူတွေကို အရေးယူမှု ထပ်မံတိုးမြှင့်မည်

မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေအတွင်း အထွေထွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကျယ်အပြန့် ပေါ်ပေါက်ခဲ့ရာမှာ၊ အထူးသဖြင့် မြန်မာ့တပ်မတော်ရဲ့ ကျူးလွန်မှုတွေဖြစ်တယ်လို့ ဥရောပကောင်စီ က ဒီဇင်ဘာလ ၁၀ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ FFM ခေါ် သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေအပေါ် အထူးစိုးရိမ်မိပြီး၊ လူ့အခွင့်အရေး ချိုးဖောက်ရာမှာ တာဝန်ရှိသူ စစ်တပ် နဲ့ နယ်ခြားစောင့်တပ်က ထိပ်ပိုင်းအရာရှိတွေအပေါ် အရေးယူဆောင်ရွက်မှုတွေ ထပ်မံတိုးမြှင့်မယ်လို့ ဥရောပကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့ပြင် လူ့အခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်တွေအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က အသိအမှတ်ပြုတဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြင်ဆင်ဖို့အရေးကြီးကြောင်း အလေးပေး ဖော်ပြထားပါတယ်။

ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေကို ကုလသမဂ္ဂ လူသားချင်း စာနာကူညီရေးအဖွဲ့တွေ သွားရောက်ကူညီခွင့်ပြုဖို့၊ နေရပ်စွန့်ခွာခဲ့ရတဲ့ ဒေသခံတွေ လုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ မူလနေရပ်ပြန်နိုင်ကြဖို့လည်း ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဥရောပကောင်စီအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် ကြိုဆိုသလို၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ လူမှုစီးပွား တိုးတက်ရေးတို့အတွက် ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။