ဝိုင်းမော်မြို့နယ်မှာ ဒုက္ခသည် ထပ်တိုးလာနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခစခန်း ၁၀ ခုကျော်မှာ အခုရက်ပိုင်းအတွင်း ဒုက္ခသည် အရေအတွက် တစ်ထောင်ကျော်လောက် ထပ်တိုးလာနေပါတယ်။

ကယ်ဆယ်ရေးစခန်းတွေကို ထပ်မံ ရောက်ရှိလာတဲ့ ဒုက္ခသည် အိမ်ထောာင်စုပေါင်း ၃၀၀ ဝန်းကျင်ရှိပြီး အမျိုးသမီးဦးရေ ပိုများတယ်လို့ ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန် က RFA ကို ဒီကနေ့ ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် တိုက်ပွဲတွေစတင်ဖြစ်လို့ ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် ဟာ ခြောက်ထောင်ကျော်ရှိပြီး အခုအသစ်ထပ်မံရောက်ရှိလာသူတွေနဲ့ဆို ဝိုင်းမော်မြို့နယ်က ကယ်ဆယ်ရေးစခန်း ၁၀ ခုကျော်မှာ လာရောက်ခိုလှုံသူ ရှစ်ထောင်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။

အသစ်ရောက်ရှိလာသူတွေ အများစုဟာ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းက ရောက်ရှိလာသူတွေဖြစ်ပါတယ်။

ထပ်မံရောက်လာသူတွေကို ပြည်နယ်အစိုးရအဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာန အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတချို့က ကူညီပေးနေတယ်လို့သိရပါတယ်။

အစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေနဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းက ကယ်ဆယ်ရေးစခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်လူဦးရေ တစ်သိန်းဝန်းကျင်ရှိပါတယ်။