လုပ်သားအခွင့်အရေး တောင်းဆိုခဲ့သူတွေ အလုပ်ထုတ်ခံရလို့ အလုပ်သမားတစ်ရာကျော် ဆန္ဒပြ

ဖြူဖြူခိုင်
2021.01.21
လုပ်သားအခွင့်အရေး တောင်းဆိုခဲ့သူတွေ အလုပ်ထုတ်ခံရလို့ အလုပ်သမားတစ်ရာကျော် ဆန္ဒပြ
Photo: RFA

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ ဟန်းမိန် အထည်ချုပ်စက်ရုံမှာ အလုပ်ထုတ် ခံလိုက်ရတဲ့ အလုပ်သမား ကိုးဦးကို ပြန်ခန့်ပေးဖို့ အလုပ်သမား ၁၃၀ ကျော်က စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆို နေပါတယ်။

ဇန်နဝါရီလ ၂၀ ရက် မနေ့က စတင်ပြီး အလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုနေကြတာပါ။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ကိုးဦးဟာ စက်ရုံက အလုပ်သမားတွေကို ပေးချေတဲ့ လစာ စလစ်မှာ ကျွမ်းကျင်ကြေးကို မဖော်ပြဘဲ အလွတ်သဘောနဲ့ ပေးချေနေတာဟာ အခကြေးငွေ ပေးချေရေးဥပဒေနဲ့ မညီတာကြောင့် ကျွမ်းကျင်ကြေးကို ဥပဒေပါအတိုင်း ဖော်ပြပေးဖို့ အလုပ်သမား ကိုးဦးက မြို့နယ် အလုပ် သမားဦးစီးဌာနထံ တိုင်ကြားခဲ့ပါတယ်။

တိုင်ကြားခဲ့တဲ့ အလုပ်သမား ကိုးဦးကို အလုပ်ရှင်က ဇန်နဝါရီလ ၂၀ ရက် မနေ့က အလုပ်ထုတ်ခဲ့တာပါ။

အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံခဲ့ရတဲ့အပေါ် မကျေနပ်ဘူးလို့ အလုပ်ထုတ်ခံခဲ့ရတဲ့အထဲမှာ ပါဝင်တဲ့ ဟန်းမိန်အထည်ချုပ်စက်ရုံက မမျိုးသန္တာငြိမ်းက ပြောပါတယ်။

“ညီမတို့ကို ဘာတစ်ခုမှ သတိပေးတာလဲမရှိခဲ့ဘူး။ ညီမတို့ကို အလုပ်ထုတ်တဲ့အတွက် အကြောင်းပြချက် လည်း မပေးဘူး။ အဲဒါတော့ မကျေနပ်ဘူး။ ညီမတို့က အလုပ်ပြန်လိုချင်တယ်။ မူလနေရာ မူလရာထူးကိုပဲ ပြန်နေချင်တယ်။ ပြန်လုပ်ချင်တယ်။"

ဆန္ဒပြတောင်းဆိုနေပေမယ့် အလုပ်ရှင်ဘက်က အကြောင်းပြန်ကြားလာခြင်း မရှိသေးဘူးလို့ အလုပ်သမား တွေက ပြောပါတယ်။ အလုပ်သမားခေါင်းဆောင်တွေကတော့ လက်ရှိဖြစ်နေတဲ့အခြေအနေကို အလုပ်သမား ဝန်ကြီးဌာနတွေဆီ တိုင်ကြားထားပါတယ်။

ပြည်ထဲရေးနဲ့ နယ်မြေလုံခြုံရေးတွေအဖွဲ့တွေ ရောက်ရှိနေပြီး စေ့စပ်ညှိနှိုင်းပေးနေပေမယ့် အလုပ်ရှင်ဘက် ကတော့ လက်ရှိအချိန်ထိ ညှိနှိုင်းမှု မရှိသေးဘူးလို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။

“ကိုဗစ်ကာလမှာ လုပ်သားလျှော့တာတွေ စက်ရုံပိတ်တာတွေကို ကြုံနေရတယ်။ ဒီအချိန်မှာ ဒုက္ခတွေရောက် နေတဲ့ အခြေအနေတွေရှိတယ်။ ဒီတော့ ဥပဒေနဲ့အညီ လုပ်မယ်ဆိုရင်တော့ ကျွန်မတို့အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ပေးတယ်။ ဥပဒေနဲ့မညီဘဲ လုပ်ချင်တာလုပ်နေတဲ့ အခြေအနေမျိုးတွေဆိုတဲ့အခါ အလုပ်သမားရေး ကူညီဆောင်ရွက်နေတဲ့သူတွေအနေနဲ့ လက်မခံနိုင်ပါဘူး။ အခုလည်း ဒီစက်ရုံက ဥပဒေနဲ့ အညီ လုပ်ဆောင်ထားခြင်းမရှိတဲ့အပေါ်မှာ အလုပ် သမားတွေက အေးအေးချမ်းချမ်းပဲ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တိုင်ကြားဖြေရှင်းတာကို ဒီအလုပ်သမားက အခွင့်အရေး သိရှိသွားတာဖြစ်တဲ့အတွက် ဒီအလုပ်သမားတွေကို မထားချင်တော့ဘဲ အလုပ်ထုတ်ရခြင်းဖြစ်တယ်။ ဒါဟာ ဥပဒေနဲ့မညီဘူးဖြစ်တယ်။"

ဟန်းမိန်အထည်ချုပ်စက်ရုံဟာ အလုပ်သမားဦးရေ ၈၀၀ နဲ့ လည်ပတ်နေပြီး အကျီင်္နဲ့ ဘောင်းဘီတွေ ချုပ်လုပ်တဲ့စက်ရုံဖြစ်ပါတယ်။

လုပ်ငန်းခွင်ပြင်ပမှာ တောင်းဆိုနေကြတဲ့ အလုပ်သမား ၁၃၀ ကျော်ကတော့ အလုပ်သမား ကိုးဦးကို မူလနေရာမှာ ပြန်လည်ခန့်အပ်ပေးဖို့နဲ့ ကျွမ်းကျင်ကြေးကို ဥပဒေနဲ့အညီ ပေးဖို့အပြင် ဥပဒေနဲ့အညီရတဲ့ နားရက်တွေမှာ ရက်မှန်ကြေးမဖြတ်တောက်ဖို့ စတဲ့အချက်ကိုလည်း တောင်းဆိုနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။