မြန်မာနဲ့ဆီရီးယား အပါအဝင် ကမ္ဘာအနှံ့ လူ ၆၈.၅ သန်း ဒုက္ခသည်ဖြစ်နေရ

စစ်ပွဲတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနဲ့ ဆီးရီယားနိုင်ငံတွေလို့ ကမ္ဘာဒေသအများအပြားမှာ စံချိန်တင် အရေအတွက်ဖြစ်တဲ့ လူဦးရေ စုစုပေါင်း ၆၈ သန်းခွဲဟာ မိမိတို့ အိုးအိမ်ကို စွန့်ပစ်ပြီး ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

၂ဝ၁၇ နှစ်ကုန် စာရင်းအချက်အလက်တွေအရ ဒုက္ခသည်နဲ့ IDP အရေအတွက်ဟာ အရင်နှစ်က စာရင်းထက် လူ ၃ သန်းပိုများလာပြီး အရင် ၁ဝ နှစ်ကထက်စာရင် ၅ဝ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဆိုပါတယ်။

လက်ရှိ အိုးအိမ်စွန့် ထွက်ပြေးနေထိုင်နေရတဲ့ လူအရေအတွက်ဟာ ထိုင်းနိုင်ငံရဲ့ လူဦးရေးနဲ့ ထပ်တူညီမျှရှိနေပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လူ ၁၁ဝ မှာ ၁ ဦးနှုန်း နေအိမ်စွန့်ခွာ ထွက်ပြေးနေထိုင်နေရတယ်လို့ ဆိုပါတယ်။

ဒီအထဲက လူဦးရေ ၇ဝ ရာခိုင်နှုန်းဟာ နိုင်ငံ ၁ဝ နိုင်ငံက ဒုက္ခသည်တွေဖြစ်ပြီး တစ်နေ့ကို လူဦးရေ ၄ သောင်းခွဲ နီးပါး၊ ၂ စက္ကန့်ကို ၁ ယောက်နှုန်းနီးပါး နေအိမ်ကနေ ထွက်ပြေးနေကြရတယ်လို့ UNHCR အစီအရင်ခံစာက ရေးပါတယ်။

၂ဝ၁၇ ခုနှစ် နှစ်ကုန်စာရင်းအရ ကိုလံဘီယာ၊ ဆီးရီးယား၊ ကွန်ဂိုနိုင်ငံတွေက ဒုက္ခသည် အရေအတွက်ဟာ သန်း ၄ဝ ခန့်ရှိပြီး တခြားနိုင်ငံတွေက ၂၅ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီ ၂၅ သန်းထဲမှာ ကလေးသူငယ်တွေက ထက်ဝက်ရှိပြီး မနှစ်ကထက် ၃ သန်း ပိုများလာတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည် အရေအတွက်ဟာလည်း မနှစ်ကထက် ၂ ဆပိုများလာခဲ့ပြီး အဲအများစုဟာ မြန်မာ့ တပ်မတော်က နှိမ်နင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ပြေးဝင်လာကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။