တပ်အရာရှိစီးလာတဲ့ ကားပေါ်က စိတ်ကြွဆေး လေးသိန်းကျော် ဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့အဝင် ၃ မိုင်စစ်ဆေးရေးဂိတ်မှာ ခမရ-၅၆၄ တပ်ရင်းက ဗိုလ်မှူးတစ်ယောက် စီးနင်းလိုက်ပါလာတဲ့ ခဲရောင်ပါဂျဲရိုး လူစီးကားပေါ်ကနေ ကာလတန်ဖိုး ငွေကျပ် သိန်း ၈၈၀၀ ခန့်တန်ဖိုးရှိတဲ့ WY မူးယစ်စိတ်ကြွ ဆေးပြားပေါင်း ၄၄၀,၀၀၀ ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

တပ်မတော်က ဗိုလ်မှူးတစ်ယောက် စီးနင်းလိုက်ပါလာတဲ့ကားဆိုတာ မှန်ကန်ကြောင်း ကျီးကန်းပြင်နယ်ခြားစောင့် ရဲ ကွပ်ကဲမှုဌာနချုပ်က အမည်မဖော်လိုတဲ့ နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

"အတည်ပြုလို့ရပါတယ်။ ပါတဲ့သူက ဟိုလိုပါ အကြုံလိုက်တဲ့ သဘောပါ။ ကယ်ရီ ရိုက်တာမဟုတ်ဘူး။ ကျနော်တို့ကတော့ ဥပဒေ လုပ်ထုံးလုပ်နည်းအရတော့ ကျနော်တို့ လုပ်မှာပဲ။ ရဲပိုင်းဆိုင်ရာ စစ်ဆေးမယ်။ သူ့ဥပဒေ ပုဒ်မနဲ့ လုပ်မှာပဲ။ ဒါကတော့ နယ်မြေစခန်းမှူးတွေရဲ့အလုပ်ပေါ့။"

ကားကို အရပ်သားတစ်ဦးက မောင်းနှင်လာတာဖြစ်ပြီး ကားပေါ်မှာ ဗိုလ်မှူးတစ်ယောက်၊ အခြားတပ်မတော်သား တစ်ယောက်နဲ့ အရပ်သားနှစ်ယောက် လိုက်ပါလာတာဖြစ်ပါတယ်။ အဲဒီကားကို ဘူးသီးတောင်မြို့ ကနေ မောင်တောမြို့ကို လာရောက်ရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ကားပေါ်မှာ လိုက်ပါလာတဲ့ ဒရိုင်ဘာနဲ့ အခြားအရပ်သားတစ်ယောက်ကို ပြင်ဖြူနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး ဗိုလ်မှူးနဲ့ အခြားတပ်မတော်သားတစ်ဦးကိုတော့ နပခတိုင်းမှူးရဲ့နှုတ်မိန့်နဲ့ ခမရ-၅၆၄ တပ်ရင်းကို လွှဲပြောင်းပေး အပ်လိုက်တယ်လို့သိရပါတယ်။

မနေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးဖြစ်သူနဲ့ တပ်မတော်သားတို့ကို တပ်ထဲမှာ စစ်ဆေးနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားချက်အရ ယာဉ်မောင်းသူက သန်းထွန်းနိုင်- ၃၆ နှစ် ဖြစ်ပြီး၊ ကားပေါ်မှာ လိုက်ပါလာသူတွေကတော့ ဇော်ဦး- ၃၂ နှစ်နဲ့၊ အမှတ် ၅၆၄ ခြေမြန်တပ်ရင်းက ဗိုလ်မှူးရဲဇေယျာ၊ တပ်သားသိန်းနိုင်တို့ ဖြစ်တယ်လို့ သိရပါတယ်။