ရတနာပုံကျောင်းသားတွေဖမ်းဆီးခံရမှု သမဂ္ဂ ကန့်ကွက်၊ မကွေးမှာ တစ်ကိုယ်တော်ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ် ကျောင်းသားလေးဦးကို ဖမ်းဆီးခဲ့တာကို ကန့်ကွက်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကန့်ကွက်လိုက်ပါတယ်။

လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေကို ဖမ်းဆီးလိုက်တာဟာ မဖြစ်သင့်တဲ့အတွက် မနေ့ကရက်စွဲ နဲ့ ကြေညာချက်ထုတ်ပြန်ပြီး အခုလိုကန့်ကွက်တာလို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုကျော်ရဲသီဟကျော်က ပြောပါတယ်။

"စနေနေ့ ၁ ရက်နေ့မှာဗျာ ကျနော်တို့ ရတပုံက ဥက္ကဌ ကိုနိုင်ရဲဝေရဲ့ ဒုဥက္ကဌ ကိုအောင်ဆန်းဦး၊ အဖွဲ့ဝင် ၂ ယောက်ရယ်ဗျာ၊ ဝင်ဖမ်းသွားပြီးတော့ အိုးဘိုထောင်ကိုတန်းပို့တယ်၊ အဲ့ကိစ္စက လုံးဝကို ကန့်ကွက်တယ်ဗျ၊ သာယာဝတီထောင်မှာ ရဲဘော် ၇ ယောက်ကို တိုက်ပိတ်တယ်ဗျာ၊ အခုလိုမျိုးလုပ်နေတာကိုဗျာ ဘယ်လိုမှမဖြစ်သင့်ဘူးဗျာ၊ ကျောင်းသားတွေဗျာ ကျောင်းသားတွေထဲမှာ လက်ရှိကျောင်းတက်နေတဲ့ ကျောင်း သားတွေကို အခုလိုမျိုးညှင်းပမ်းပြီးတော့ ပုဒ်မ ၅ ခုစွဲချက်တင်ပြီးခဲ့လို့ အိုးဘိုထောင်ကိုတန်းပို့တဲ့ဥစ္စာ ဘယ်လိုမှ မဖြစ်နိုင်တဲ့သင့်တဲ့အရာတစ်ခုလို့ ကျနော်တို့မြင်လို့ပါ"

ဇွန်လ ၂၆ ရက်နေ့က ရတနာပုံတက္ကသိုလ်မုခ်ဦးရှေ့မှာ စစ်တစ်ပိုင်းအစိုးရ ကျဆုံးပါစေဆိုတဲ့ စာတွေရေး သားခဲ့တာကြောင့် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုနိုင်ရဲဝေ၊ ဒုက္ကဌ ကိုအောင်ဆန်းဦး၊ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကိုဂျစ်တူး၊ ကိုဉာဏ်လင်းထက်တို့ကို အမရပူရ ရဲစခန်းက ဇူလိုင်လ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။

သူတို့တွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) အပါအဝင် ရုဏ်းရင်းဆန်ခတ်ဖြစ်စေတဲ့ ပုဒ်မ ၁၄၇၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေးမှာပါဝင်တဲ့ ပုဒ်မ ၁၄၃၊ တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ တို့နဲ့ တရားစွဲ ထားပါတယ်။

ဒီအတောအတွင်း လတ်တလော ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလွှတ်ပေးဖို့ မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ ကိုဇော်မင်းထိုက်ဆိုသူက ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲ နီးလာချိန်မှာ အခုလိုဖမ်းဆီး ထောင်ချတာတွေကို မလုပ်ဖို့အတွက် ဆန္ဒပြတောင်းဆိုရ တာဖြစ်ကြောင်း ကိုဇော်မင်းထိုက်က ပြောပါတယ်။

"ကျနော်တို့ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆန္ဒပြတယ်ဆိုတာ ကျနော်တို့ ၂ဝ၁၅ ရွေးကောက်ပွဲ ကလည်းနီးလာပြီဗျာ၊ ကျနော်တို့ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံပါလို့ ကမ္ဘာကိုပြောထားပေမယ့်လို့ ကျနော်တို့ ဒီလိုတက်ကြွလှုပ်ရှားသူတွေ၊ တကယ်ကို အသိပညာရှင်တွေ၊ အတက်ပညာရှင်တွေဟာ ထောင်တွေထဲမှာ ရှိနေမယ်ဆိုလို့ရှိရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ တရားမျှတမယ့်ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူး"

ကိုဇော်မင်းထိုက်ဟာ မကွေးမြို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးရှေ့ကနေ မကွေးမြို့ကို တစ်ပတ်လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။ အခုလိုဆန္ဒပြတာကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုလည်း တရားဝင်စာတင်ပြီးတော့မှ ဆန္ဒပြခဲ့တာလို့လည်း ပြောပါတယ်။

အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၄ ဦးအထိရှိနေပြီး အမှု ရင်ဆိုင်နေ ရဆဲ ၄၅ဝ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။