ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms.Yang Hee Lee ဟာ မြန်မာနိုင်ငံကို ဒီနေ့ရောက်ရှိလာပြီး သူ့ရဲ့ခရီးစဉ် အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွား မှာဖြစ်ပါတယ်။
Ms.Yang Hee Lee ဟာ နေပြည်တော်၊ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်ဖို့ စီစဉ်ထားတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးထွန်း က ပြောပါတယ်။
"သူလာရင် သွားမယ့်နေရာလေးတွေပေါ့နော် ရန်ကုန်၊ နေပြည်တော်၊ ရှမ်း၊ ကချင်၊ ရခိုင် အဲ့ဒီနေရာလေးတွေတော့ ပုံမှန်အဆိုပြုတဲ့အတိုင်း အဆိုပြုထားတာရှိပါတယ်ခင်ဗျ၊ သူတို့အဆိုပြုတာရယ် ကျနော်တို့ဘက်က သွားခွင့်ပေးနိုင်တဲ့နေရာလေးတွေရယ် အဓိကတော့ အခုနကပြောတဲ့ လုံခြုံရေးရှုထောင့်ကသော်လည်းကောင်း၊ ရာသီဥတု ရှုထောင့်ကသော်လည်းကောင်း အဲ့လိုနေရာမျိုးလေးတွေကို ကျနော်တို့ ပြည်ထဲရေးရယ်၊ ကျနော်တို့ရယ် နောက်ပြီးတော့ သက်ဆိုင်ရာ UN ရယ် ကျနော်တို့ ညှိပြီးတော့ လုပ်ပေးပါမယ်"
ဒီခရီးစဉ်ဟာ ဇူလိုင် ၁ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး ခရီးစဉ်အတွင်း အငြင်းပွားဖွယ် စကားလုံးအသုံးအနှုန်းတွေ မသုံးဖို့အတွက် တိုက်တွန်းသွားမယ်လို့လည်း ဦးကျော်မိုးထွန်း က ပြောပါတယ်။
Ms.Yang Hee Lee ဟာ မနက်ဖြန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး ခရီးစဉ် အတွင်းမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးကော်မတီ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့နဲ့ တေ့ွဆုံမှာဖြစ် သလို အင်းစိန်အကျဉ်းထောင်ကိုလည်း သွားရောက် လေ့လာမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
အစိုးရသစ်လက်ထက်မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms.Yang Hee Lee ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဒါပထမဆုံး အကြိမ်ဖြစ်ပါတယ်။
Ms.Yang Hee Lee ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
