ရေမဆေးကျောက် တူးဖော် သူတွေကို သက်သေခံကဒ်ပြား ထုတ်ပေးမည်

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တနိုင်တပိုင် ရေမဆေးကျောက် တူးဖော်လုပ်ကိုင်နေသူတွေကို သက်သေခံစိစစ်ရေးကဒ်ပြားတွေ လုပ်ဆောင်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ စီစဉ်နေပါတယ်။

ရေမဆေးသမားတစ်ဦးချင်းစီအတွက် သက်သေခံကဒ်ပြားတွေကို အခမဲ့လုပ်ဆောင်ပေးဖို့ ကျောက်မျက်လုပ်ငန်း ရှင်များအသင်းက တာဝန်ယူထားပြီး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းတိုင်ပင်နေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ချိန်ထိ ဖားကန့်တပြည်နယ်လုံးမှာ ရေမဆေးတွေရဲ့ကိန်းဂဏန်း၊ အချက်အလက်တွေက ဘာမှတိတိကျကျ ရေရေရာရာ မသိရသေးတော့ လုပ်ငန်းတွေဆောင်ရွက်တဲ့အခါ မှာ တော်တော်လေးအခက်အခဲဖြစ်ပါတယ်၊ ရေမဆေးတွေကို သူတို့ပါလာတဲ့ကျောက်လေးတွေကို တရားဝင်ပြောဆိုလို့ရအောင် ကျနော်တို့ သက်သေခံကဒ်ပြားလေးတွေထုတ်ပေးမယ်လို့ ကျနော်တို့ပြောထားခဲ့တာရှိပါတယ်၊ အမြန်ဆုံးလုပ်ပေးနိုင်အောင်လည်း ကျနော်တို့ကြိုးစားနေပါတယ်၊ လုပ်ပေးရမယ့် ပမာဏကလည်း တော်တော်လေးများတဲ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းကနေ တာဝန်ယူ ပြီးလုပ်ပေးရမယ့်အနေအထားဖြစ်ပါတယ်"

သက်သေခံကဒ်ပြားတွေမှာ ရေမဆေးသမားတစ်ဦးချင်းစီရဲ့ အမည်၊ မှတ်ပုံတင်၊ နေရပ်စတဲ့ ကိုယ်ရေးအချက် အလက်တွေကို ထည့်သွင်းပေးမှာဖြစ်ပါတယ်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့ဟာ အုပ်ချုပ်ရေး အဖွဲ့တွေ၊ ကျောက်မျက်လုပ်ငန်းရှင်တွေ၊ ရေမဆေးကျောက် ရှာဖွေတူးဖော်နေသူတွေနဲ့ ကွင်းဆင်းညှိနှိုင်း တိုင်ပင်ပြီး သက်သေခံကဒ်ပြားတွေ ထုတ်ပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တနိုင်တပိုင် တူးဖော်လုပ်ကိုင်ကြသူတွေနဲ့ ကုမ္ပဏီတွေကြားမှာ အပြန်အလှန်နားလည်မှုရှိရှိ လုပ်ကိုင်နိုင်ဖို့ ညှိနှိုင်းပေးတာအပြင် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်နိုင်ရေးအတွက်လည်း ကွင်းဆင်းလေ့လာနေ ကြတာဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တနိုင်ငံလုံးက ရွှေ့ပြောင်းလာရောက်လုပ်ကိုင်နေသူတွေဟာ နှစ်သိန်း ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် အခုလို သက်သေခံကဒ်ပြားတွေနဲ့ စိစစ်ဆောင်ရွက်ပြီးမှသာ မှန်ကန်တဲ့စာရင်း အချက်အလက်တွေကို ရနိုင်မှာဖြစ်ပါတယ်။