ခရီးသည် ၉ ဦးကို သေဆုံးစေခဲ့တဲ့ ခရီးသည်တင်ယာဉ် YBS ၅၅ နဲ့ YBS ၃၇ ယာဉ်တိုက်မှုမှာ YBS ၅၅ ယာဉ်မောင်းကို ထောက်ကြံ့နယ်မြေရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
YBS ၅၅ ယာဉ်မောင်း မောင်မောင်နိုင်ကို ယဉ်မဆင်မခြင်မောင်းနှင်မှု၊ လူသေမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ခဲ့တာလို့ ယာဉ်မှုစစ် ရဲအုပ်ကျော်မိုးက ပြောပါတယ်။
"၅၅ ယာဉ်မောင်း မောင်မောင်နိုင်ကို ပုဒ်မ ၃ဝ၄ က၊ ၃၃၈၊ ၃၃၇၊ ၂၇၉ တို့နဲ့ အရေးယူထားပါတယ်၊ ထောက်ကြံ့နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်"
အမှုဖွင့်ခံထားရတဲ့ YBS ယာဉ်မောင်း မောင်မောင်နိုင်ဟာ မြောက်ဥက္ကလာဆေးရုံမှာ ဒီနေ့ နေ့လည်က သေဆုံး ခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် နေရာမှာတင် သေဆုံးသူ ၅ ဦး၊ ဆေးရုံကိုသွားရာလမ်းမှာ သေဆုံးသူ ၄ ဦးရှိခဲ့ပြီး YBS ယာဉ်မောင်း မောင်မောင်နိုင်က ဒီနေ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရရှိသူ ၃၄ ဦးဟာ အင်းစိန်ဆေးရုံနဲ့ မြောက်ဥက္ကလာဆေးရုံတို့မှာ ဆေးကုသမှု ခံယူနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မနေ့ကဖြစ်တဲ့ ယာဉ်တိုက်မှုဟာ ကိုယ်ရကိုယ်ယူစနစ်နဲ့ မောင်းနှင်နေတဲ့ YBS ၅၅ ယာဉ်မောင်းရဲ့ အမှားဖြစ်ပြီး ကိုယ်ရကိုယ်ယူစနစ်ကို အသက်သွင်းဖို့ ကြိုးစားနေသူတွေကို ပြင်းထန်စွာသတိပေးလိုက်တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသား ခဲ့ပါတယ်။
မနေ့က ယာဉ်တိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူ တစ်ဦးပါဝင်ပြီး ဆေး ကုသခံယူနေသူတွေထဲမှာ ကျောင်းသားတစ်ဦး ပါဝင်ပါတယ်။ လက်ရှိ မှော်ဘီ နည်းပညာတက္ကသိုလ် အထိပြေး ဆွဲနေတဲ့ YBS ၅၅ ယာဉ်လိုင်းနေရာမှာ အများပိုင်ယာဉ်လိုင်း တစ်ခုပြန်လည် ပြေးဆွဲပေးဖို့နဲ့ ကျောင်းကား စီစဉ်ပေးဖို့ကိုလည်း ရန်ကုန်တိုင်းဝန်ကြီး ဒေါ်နီလာကျော်ထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။
