ရေစကြိုမြို့နယ် ဗလဘရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ
2025.04.24

မကွေးတိုင်း ရေစကြိုမြို့နယ် ဗလဘရွာဟာ ဧပြီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ စီးနင်းတိုက်ခိုက်ခံရပြီးနောက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း နေအိမ် ၂၀၀ ဝန်းကျင် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၅၆၊ ခလရ ၂၅၇ ၊ ခလရ ၂၅၈ တပ်ရင်းတွေအပြင် ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မက အင်အား၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ မီးရှို့ခံရတဲ့ အိမ်စာရင်းကိုကောက်နေတုန်းပဲ၊ လောလောဆယ် ခန့်မှန်းထားတာက အိမ်ခြေ ၂၀၀ လောက်တော့ရှိမယ်”
ဒီအပြင် ဧပြီလ ၂၃ ရက် ညမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆင်မရဲရွာက အသက် ၆၈ နှစ်အရွယ် ဒေါ်ဆန်းမြင့်ကြည် နဲ့ အသက် ၄၃ နှစ်အရွယ် ကိုညိုလင်းအောင်တို့ သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ ကထုတ်ပြန်ပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ဒီစစ်ကြောင်းထိုးတိုက်ခိုက်မှုကြောင့် ကြူရွာ၊ ဆင်ကြိုးရွာ၊ ရွာသစ်ရွာ၊ ညောင်ပင်ရွာ၊ ကျော်ထင်ကုန်းရွာ၊ မထီးရွာ၊ အင်းမရွာ၊ ငါးမြာလေးရွာ၊ လေးယာပြည့်ရွာ၊ ဆင်မရဲရွာနဲ့ ငါးပါယ်ရွာ တွေက အရပ်သား ၆၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။