အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တောဒေသတွေကို ကွင်းဆင်းပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ စေတနာ့ဝန်ထမ်း လူငယ်အယောက် ၄၀ ကို ဒီလထဲမှာစပြီး စေလွှတ်သွားမယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး ကပြောပါတယ်။
အဲဒီလူငယ်တွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေ၊ အချက်အလက်ကောက်ခံမှုတွေ၊ ဒေသတွင်းပြည်သူတွေကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးတာတွေနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာဆောင်ရွက်မှုတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးအောင်ကျော်မိုး က ပြောပါတယ်။
"၉ ရက်နေ့ကစပြီးတော့ ရန်ကုန်ကနေ စစ်တွေကို သွားမယ်။ စစ်တွေကမှတဆင့် ဘူးသီးတောင်၊ မောင်တော ဒီပဋိပက္ခဖြစ်တဲ့နယ်မြေတွေကို စပြီးတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးသွားမယ်ပေါ့။ အထူးသဖြင့် ဒီဒေသမှာရှိတဲ့ပြည်သူတွေအတွက် အဓိကအခြေခံလိုအပ်ချက်တွေက ဘာတွေလဲ ဒါတွေကို စာရင်းကောက်ယူမယ်၊ ကောက်ယူပြီးတော့ လတ်တလော အခြေအနေကတော့ စားဝတ်နေရေး ပြေလည်အောင် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ဒါမျိုးတွေ ထောက်ပံ့ဖို့ အခြေအနေရှိတယ်ပေါ့နော်"
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ၊ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီရဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ရေးအတွက် အခုလို စေတနာ့ဝန်ထမ်းလူငယ်များ လုပ်အားပေးအစီအစဉ်ကို ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။ စေတနာ့ဝန်ထမ်းလူငယ်တွေကို ဒီနေ့ကနေ ၈ ရက်နေ့ထိ ၃ ရက်ကြာ သင်တန်းပေးပြီးမှ စေလွှတ်မှာဖြစ်ပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့မှာ ပထမဆုံးအသုတ်အနေနဲ့ လူငယ် ၄၀ ကို စပြီးစေလွှတ်မှာဖြစ်ပြီး ရက် ၂၀ တိုင်းမှာ လူငယ်အဖွဲ့တွေ လဲလှယ်ပြီး ဆက်တိုက်ဆောင်ရွက်မှာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နဲ့ ဒီဇင်ဘာ ၁၂ ရက်တွေမှာ ဒုတိယနဲ့ တတိယအဖွဲ့တွေက ဆက်တိုက်သွားရောက်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွေကို သွားရောက်ကြမယ့် စေတနာ့ဝန်ထမ်း လူငယ်တွေရဲ့ လုံခြုံရေးကိုလည်း ပြည်နယ်အစိုးရအစီအစဉ်နဲ့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
