ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ဝန်ထမ်းတွေဟာ အစိုးရသတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ ကျပ် ၄၈ဝဝ နှုန်းထားရရှိဖို့ ဒီနေ့ သတင်းစာရှင်းလင်းပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
အလုပ်သမားတစ်ဦးရဲ့ အနည်းဆုံးတစ်ရက်လုပ်ခကို ၄၈ဝဝ ကျပ်အဖြစ် အစိုးရက ပြီးခဲ့တဲ့ မတ်လက သတ်မှတ်ခဲ့ပေမယ့်လည်း လက်ရှိ YRTA ဝန်ထမ်းတွေက အဲဒီနှုန်းထားနဲ့ လစာမရရှိကြဘူးလို့ YRTA က ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးအောင်ကိုဦးက ပြောပါတယ်။
"လစာက အခြေခံလစာ အနိမ့်ဆုံးအဆင့် ၅ သောင်းကျော်ရတဲ့ ဝန်ထမ်းလည်းရှိတယ်၊ ၆ သောင်းကျော်ရတဲ့ ဝန်ထမ်းလည်းရှိတယ်၊ ကျနော်ကျတော့ ၉၇၅ဝဝ ရှိတယ်၊ အခုအနိမ့်ဆုံး ၄၈ဝဝ သတ်မှတ်လိုက်တော့ ၁၄၄ဝဝဝ ဆိုတော့ ကွာဟမှုကတော်တော်များတယ်၊ အနိမ့်ဆုံးအခကြေးငွေထိကို မရကြတဲ့အတွက် အဲဒါကို တောင်းဆိုကြတယ်။အဲဒါနဲ့ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲလုပ်တာ"
YRTA ဝန်ထမ်း ၁၆ ဦးက ဦးဆောင်ပြီး ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အနိမ့်ဆုံးလုပ်ခနှုန်းထားသစ်နဲ့ ဝန်ထမ်းတွေကို လစာတွက်ချက်ပေးဖို့ YRTA က တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် ဝန်ထမ်းတွေ အကုန်လုံးကိုယ်စား သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုရတာဖြစ်တယ်လို့ ဦးအောင်ကိုဦးက ပြောပါတယ်။
ဒီကိစ္စပေါ် ဖြေရှင်းဆောင်ရွက်ပေးဖို့အတွက် တာမွေမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ YRTA ဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီးအဆင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီထံကိုလည်း စာပေးပို့ တိုင်ကြားထားတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက မထသ စနစ်ကိုဖျက်သိမ်းပြီး ၂ဝ၁၆ ခုနှစ်မှာ YRTA ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အရင် မထသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေက YRTA မှာ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပေမယ့် အရင် မထသမှာ ရရှိတဲ့လစာအတိုင်းသာ ရရှိတယ်လို့ ပြောပါတယ်။
လက်ရှိ YRTA မှာ စုစုပေါင်း ဝန်ထမ်း ၄ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။
