ထားဝယ်မှာ ဒလန်ဆိုပြီး စွပ်စွဲချက်နဲ့ မှုခင်းသတင်းထောက်တစ်ဦး ပစ်သတ်ခံရ

ထားဝယ်မြို့က မှုခင်းသတင်းထောက် ဒေါ်ဇာခြည်ဦးဟာ စစ်ကောင်စီသတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာ လ ၁၂ ရက် ဒီနေ့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) ကတော့ ဒီသတ်ဖြတ်မှုကို သူတို့လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ဒေါ်ဇာခြည်ဦးဟာ သပိတ်စစ်ကြောင်း၊ သပိတ်ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ သတင်းပေးတာ၊ ဖမ်းဆီးခံ ထားရသူတွေကို လွတ်မြောက်အောင်လုပ်ပေးမယ်ဆိုပြီး ငွေကြေးတောင်းခံနေတာ စတဲ့အချက်အလက်တွေ ကြောင့် ပိုးကျွန်းရပ်ကွက်အတွင်းမှာ သေနတ်နဲ့ ကိုးချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီမိုကရေစီသူရဲကောင်းတွေကို ထိခိုက်နစ်နာဆုံးရှုံးအောင်လုပ်နေတာတွေကို မရပ်တန့်ရင် ဆက်လက်လုပ် ဆောင်သွားမယ်လို့လည်း ထားဝယ်ပြောက်ကျားအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ဒလန်လို့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရသူ ၄၇၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၂၃ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထား ပါတယ်။ အခုနောက်ဆုံးအခြေအနေအထိ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။