ဇွဲကပင်တောင် လမ်းဖောက်မှု သဘာဝပတ်ဝန်းကျင် ထိခိုက်

မြိုင်ကြီးငူဆရာတော်ကြီး လမ်းဖောက်လုပ်နေတဲ့ ဇွဲကပင်တောင်ကြောတဝိုက် သဘာဝပတ်ဝန်းကျင် ထိခိုက် မှုတွေ ဖြစ်ပေါ်နေတယ်ဆိုပြီး ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဦးစီးဌာန က ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြလာတာကြောင့် လမ်းဖောက်လုပ်မှုကို ပြန်လည်သုံးသပ်ဖို့ ပြည်နယ်အစိုးရ အဖွဲ့က လမ်းဖောက်လုပ်နေသူတွေနဲ့ ညှိနှိုင်းနေပါတယ်။

ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး လမ်းဖောက်လုပ်မှုကြောင့် ကျောက်တောင်တွေ အက်နေတာကို တွေ့ရတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။

"ကရင်ပြည်နယ်အစိုးရက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောက လာတင်ပြတဲ့ အချက်အလက်ပေါ် မှာ မူတည်ပြီးတော့ စိုးရိမ်ပြီးတော့ သွားကြည့်တယ်၊ ဝန်ကြီးချုပ်ကိုယ်တိုင်လည်းပါတယ်၊ အဓိကကတော့ တောင်ရဲ့ ကျောက်မြေတွေ အက်လာတယ်၊ ထုံးကျောက်မြေတွေနဲ့တူတယ်၊ ဒီစက်တွေရဲ့ တုန်ခါမှုလောက်နဲ့ပဲ အက်လာတယ်ဆိုတော့ အဲဒါတက်ကြည့်ကြတော့ မြိုင်ကြီးငူဆရာတော်က ဖောက် ခိုင်းတယ်ဆိုတဲ့ ဦးဇင်းကြီး တွေနဲ့ ပြန်ပြီးတော့ ညှိနှိုင်းတယ်၊ ဒါဆက်ဖောက်ရင် ကရင်ပြည်နယ်ရဲ့ သင်္ကေတအမှတ်အသားဖြစ်တဲ့ ဇွဲကပင် တောင်ကြီးက တစ်ခုခုများ ပျက်ယွင်းသွားမလား၊ ဇွဲက ပင်တောင်အောက်နားမှာ ဂူတွေဘာတွေရှိနေတဲ့ တောင်မျိုး တစ်ခုခုများ ပြိုကျပျက်စီးသွားမလား၊ မြိုင်ကြီးငူဆရာတော်ကလုပ်နေတဲ့ လုပ်ငန်းဆိုတော့ မေတ္တာရပ်ခံတယ်၊ အဲလိုမျိုးတွေဖြစ်နေပါတယ်၊ နည်းနည်းသုံးသပ်ကြည့်ပါဦး"

မြိုင်ကြီးငူဆရာတော်ဟာ လက်ရှိမှာ ဇွဲကပင်တောင်ရဲ့ အရှေ့ဘက်အခြမ်းကနေ တောင်ပေါ်ကို ဖောက်လုပ်နေ တာဖြစ်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖောက်လုပ်နေတာမျိုး မဟုတ်ဘဲ ဘက်ဟိုးတစ်စီးနဲ့ ဖောက်လုပ်နေ တာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီလမ်းဖောက်လုပ်မှုကြောင့် ဂေဟစနစ်တွေ ပျက်စီးနေတာကို တွေ့ရတယ်လို့လည်း ဝန်ကြီး ဦးမင်းတင်ဝင်း က ဆိုပါတယ်။

ဇွဲကပင်တောင်ဟာ ဘားအံမြို့ရဲ့ တောင်ဘက် ၇ မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၃၄ ပေမြင့် ပြီး တောင်နဲ့မြောက် မိုင် ၂၀ ခန့် သွယ်တန်းရှည်လျှားနေတဲ့ တောင်တစ်ခုဖြစ်သလို ပြည်တွင်း/ပြည်ပ ခရီးသွားတွေ စိတ်ဝင်တစားလာရောက်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။