ဇွဲကပင်တောင် ကားလမ်းဖောက်လုပ်မှု ပြည်နယ်အစိုးရ တရားဝင်ကန့်ကွက်မည်

မြိုင်ကြီးငူဆရာတော် ဦးဆောင်မှုနဲ့ ဇွဲကပင်တောင်တက် ကားလမ်းဖောက်လုပ်နေတာကို ပြည်နယ်အစိုးရက တရားဝင်ကန့်ကွက်သွားမယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာဝန်ကြီးက ဒီနေ့ ပြောပါတယ်။

မိုးရာသီမှာ လမ်းဖောက်လုပ်တာကို ရပ်ဆိုင်းထားတာကို တေ့ွရပြီး ထပ်ပြီး လမ်းဆက်လက်ဖောက်လုပ်မယ်ဆိုရင် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကန့်ကွက်ကြောင်း လျှောက်ထားမယ်လို့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ပြောပါတယ်။

"မြေသားဟာ ထုံးကျောက်မြေသားတွေ ဖြစ်တဲ့အတွက်ကြောင့် ကားလမ်းဖောက်လိုက်မယ်ဆိုရင် ကားတွေ အတက်အဆင်းကြောင့် တုန်ခါတဲ့အနေအထားတွေကြောင့် အဲဒီထုံးကျောက်တွေဟာ ပဲ့သွားနိုင်တယ်၊ အက်သွားနိုင်တယ်၊ ပဲ့ကျသွားနိုင်တယ်၊ ပြည်နယ်အစိုးရက အခုဘာလုပ်ထားလဲဆိုတော့ သဘာဝပတ်ဝန်းကျင် က ကန့်ကွက်နေပြီ အခုဖောက်ထားပြီးသားကို ရှိစေတော့ ဖောက်ထားပြီးသားရှိစေတော့ မပြောရင်လည်း ပြန်ဖို့လိုက်လို့ ရတာမှမဟုတ်ဘဲ။ ဆက်ပြီးတော့ မဖောက်နဲ့ လုပ်တယ်ဆိုရင်တော့ ကန့်ကွက်လွှာပို့ရမယ်၊ ဆရာတော်တွေကို ကန့်ကွက်တယ်လို့ သွားလျှောက်ထားရမယ်၊ ဆက်ဖောက်ရင်တော့ တရားဝင်သွားပြော ရတော့မယ်"

မြိုင်ကြီးငူဆရာတော်ရဲ့ ဦးဆောင်မှုနဲ့ ဇွဲကပင် တောင်ပေါ်တက်ကားလမ်းကို ဒီနှစ်ဆန်းပိုင်းကစပြီး ဖောက်လုပ်နေ တာဖြစ်ပါတယ်။ အဲဒီလိုလမ်းဖောက်လုပ်မှုကြောင့် ဇွဲကပင်တောင်ကြောတဝိုက်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေဖြစ်ပေါ်နေပါတယ်။

လက်ရှိလမ်းဖောက်လုပ်နေတဲ့ မြေသားဟာ ထုံးကျောက်မြေဖြစ်တာကြောင့် တောင်ကြောအက်တာတွေ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေရှိလာတယ်လို့ ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဦးစီးဌာနက ကရင်ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြမှုတွေရှိခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ပြီးခဲ့တဲ့ မေလက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လမ်းဖောက်လုပ်နေသူတွေကို ဆက်လက်ဖောက်လုပ်ခြင်းမပြုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အခုလိုလမ်းဖောက်လုပ်နေတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေကြောင်းလည်း မြိုင်ကြီးငူဆရာတော်နဲ့ ဇွဲကပင်ဆရာတော်ကို ကရင်ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဦးစီးဌာနက လျှောက်ထားခဲ့တယ်လို့ ဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။

မြိုင်ကြီးငူဆရာတော်က ဇွဲကပင်တောင်ရဲ့ အရှေ့ဘက်အခြမ်းကနေ တောင်ပေါ်ကို ဖောက်လုပ်နေ တာဖြစ်ပြီး လတ်တလောမှာ လမ်းဖောက်လုပ်မှု ၄၀ ရာခိုင်နှုန်းလောက်ပြီးသွားတာကို တွေ့ရတယ်လို့ ဦးမင်းတင်ဝင်းက ဆိုပါတယ်။

ဇွဲကပင်တောင်ဟာ ဘားအံမြို့ရဲ့ တောင်ဘက် ၇ မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၃၄ ပေမြင့်ပြီး တောင်နဲ့မြောက် မိုင် ၂၀ ခန့် သွယ်တန်းရှည်လျှားနေတဲ့ တောင်တစ်ခုဖြစ်သလို ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ စိတ်ဝင်တစားလာရောက်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။