စစ်ပွဲတွေကိုငြိမ်းစေချင်သူ ကာဒီနယ်လ် ချားလ်စ်မောင်ဘို
2025.04.24

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံက ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ်စ်မောင်ဘိုဟာ ဧပြီလ ၂၁ ရက်နေ့က ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နေရာမှာ ဆက်ခံရနိုင်တဲ့ ရဟန်းအမတ်တွေထဲကတစ်ဦးအဖြစ် ထင်ကြေးပေးခံနေရတာပါ။
တကယ်လို့များ ထင်ကြေးအတိုင်းဖြစ်လာခဲ့ရင် အာရှမှာ ပထမဆုံးထွက်ပေါ်လာမဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးဖြစ်လာမှာလို့ ကာဒီနယ်လ် ချားလ်စ်မောင်ဘိုနဲ့နီးစပ်တဲ့ ရန်ကုန်မြို့က ကတ်သလစ်ဘုန်းတော်ကြီးတစ်ပါးက RFA ကို မိန့်ပါတယ်။
“ပုပ်ရဟန်းမင်းကြီးတွေထဲမှာ အာရှကခန့်အပ်ခံရတာမရှိဖူးသေးပါဘူး။ အာရှတိုက်မှာ ပထမဆုံးအဖြစ် ပုပ်ရဟန်းမင်းကြီးတစ်ပါး ရရှိလာမယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွက်သာမကဘဲ အာရှတိုက်ရဲ့ ဘုရားရဲ့ မျက်နှာသာပေးခြင်းကို ပိုမိုခံစားရမယ်လို့ မြင်မိပါတယ်”
ကာဒီနယ်လ် ချားလ်စ်မောင်ဘိုကို ၁၉၄၈ ခုနှစ်မှာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။
၁၉၇၆ ခုနှစ်မှာ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာပြီး ၁၉၈၆ ခုနှစ်မှာ လားရှိုးသာသနာ့ဦးစီးမှူး၊ ၁၉၉၀ ပြည့်နှစ်မှာ လားရှိုးဂိုဏ်းအုပ် စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ရန်ကုန်မြို့ရဲ့ ဂိုဏ်းချုပ်သာသနာရှင်(Archbishop of Yangon)အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ကာဒီနယ်ရဟန်းအမတ်အဖြစ် ဆက်လက်ခန့်အပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး သူက ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ တိုက်တွန်းခဲ့သူပါ။
ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက အားလုံးလက်နက်နဲ့တုံ့ပြန်တဲ့လမ်းစဉ်ကိုစွန့်လွှတ်ပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ပါပဲလို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက RFA နဲ့ မေးမြန်းခန်းမှာ ကာဒီနယ် ချားလ်စ်မောင်ဘိုက မိန့်ကြားခဲ့ပါတယ်။
“လက်နက်က လက်နက်ကိုပိုများစေမယ်။ ကျည်ဆန်က ကျည်ဆန်ကို ပိုများစေမယ်။ အကြမ်းဖက်ခြင်းက အကြမ်းဖက်ခြင်းကို တုံ့ပြန်မယ်ဆိုရင် ပိုမိုပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်လာမယ်။ အကျွန်ုပ်တို့ အားလုံးဟာ ဘယ်ဖက်ကနေပဲ ဖြစ်နေပါစေ၊ လက်နက်ကိုင်တဲ့ သူများအားလုံးဟာလည်းပဲ လက်နက်များကို ချပြီးတော့ အချင်းချင်း မိသားစုပဲ။ သူတို့တိုက်ခိုက်နေတာက တခြားနိုင်ငံနဲ့ မဟုတ်ဘဲ ညီအစ်ကို မောင်နှမအချင်းချင်း သတ်ဖြတ်နေတာဟာ သိပ်ကိုမှ အဖြစ်ကဆိုးရွားပါတယ်။ အဲဒါကြောင့်မလို့ လက်နက်တွေကိုချပြီးတော့ တန်းတူဆွေးနွေးနိုင်ကြဖို့ ညှိနှိုင်းကြဖို့ သဟဇာတတဖြစ်ဖို့က အရေးကြီးဆုံးပဲဖြစ်ပါတယ်”
ဆက်နွှယ်သော သတင်းများ
ပုပ်ရဟန်းမင်းကြီးနေရာ ဆက်ခံနိုင်သူတွေထဲ ကာဒီနယ်လ် ချားလ်စ်မောင်ဘိုပါဝင်
ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ကာဒီနယ်ဘို တိုက်တွန်း
အပြန်အလှန်ဆွေးနွေးဖို့ ကာဒီနယ်ချားစ်မောင်ဘိုတိုက်တွန်း
သူ့ရဲ့ ရပ်တည်ပြောဆိုချက်တွေကြောင့် ကာဒီနယ်လ် ချားလ်စ်မောင်ဘို ကတ်သလစ်ဆရာတော်အသိုင်းအဝိုင်းမှာ ထင်ရှားသူအဖြစ် မြင်တွေ့ရတယ်လို့ သူနဲ့နီးစပ်တဲ့ ရန်ကုန်မြို့က ကတ်သလစ်ဘုန်းတော်ကြီးက RFA ကို ဆက်လက် မိန့်ကြားပါတယ်။
“ကာဒီနယ်ကြီးကတော့ ဆရာတော်တွေအားလုံးကြားမှာတော့ တော်တော်လေးကို သိသာမြင်သာလွန်းတယ်လို့ ပြောရပါမယ်။ ဘာလို့လဲဆိုရင် မြန်မာပြည်ကြီးတိုးတက်ဖို့အတွက် တစ်ခြားဆရာတော်တွေထက် ပိုမိုပါဝင် လုပ်ဆောင်နေတာပေါ့လေ။ ဘာသာရေးသမားတစ်ယောက်အနေနဲ့ ဘုရားရဲ့သားသမီးတွေအပေါ် ဘယ်သူ့ကိုမှ ဆုံးရှုံးမခံစေချင်ဘူး။ သူတစ်ချိန်လုံးပြောနေတာအရဆိုရင် စစ်ပွဲတွေ မဖြစ်ဖို့ပေါ့။ စစ်ဖြစ်ခြင်းဟာ အရာရာ ဆုံးရှုံးခြင်းပဲလို့ ပြောနေတာ။ အခုငလျင်ပတ်သက်ပြီးတော့လည်း ဝိုင်းဝန်းလုပ်ကြပါ၊ ငလျင်အတွက် ဦးစားပေး ကြပါ၊ စစ်မဖြစ်ကြပါနဲ့ ဆိုတာကို သူကပြောနေတာ”
ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ဟာ ရိုမန်ကက်သလစ်အသင်းတော် ၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။ သူ့ရဲ့ ဈာပနကို လာမဲ့စနေနေ့မှာ ဗာတီကန်မှာ ကျင်းပပြီးနောက် ၂၆၇ ပါးမြောက် ဖြစ်လာမဲ့ ပုပ်ရဟန်းအသစ်ကို အစီအစဉ်တကျ ဆက်လက်ရွေးချယ်ကြမှာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ကက်သလစ်ဘုန်းတော်ကြီးအဖွဲ့အစည်းမှာ ဘုန်းတော်ကြီး ၂၅၂ ပါး ရှိပြီး အဲဒီထဲက ၁၃၈ ပါးဟာ ပုပ်ရဟန်းမင်းကြီးရွေးချယ်ရာမှာ မဲပေးနိုင်ကြသူတွေဖြစ်ပါတယ်။
ကာဒီနယ်လ် ချားလ်စ်မောင်ဘိုဟာ အများထင်ကြေးပေးသလို ပုပ်ရဟန်းမင်းကြီးနေရာကို ဆက်ခံခွင့်မရခဲ့ရင်တောင်မှ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တွန်းအားပေးတာတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ယုံကြည် ကြောင်း ချင်းပြည်နယ်က ကတ်သလစ်ဘုန်းတော်ကြီးတစ်ပါးက မိန့်ပါတယ်။
“ပုပ်ရဟန်းမင်းကြီးဖြစ်လာခဲ့မယ်ဆိုရင်တော့ မြန်မာပြည်အရေးအတွက် အများကြီးလုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လုပ်နိုင်မယ်လို့လည်း ထင်ပါတယ်။ သူကတော့ ကာဒီနယ်လ်ရာထူး အသက် မပြည့်မချင်း ဆက်ပြီးတော့ ဆောင်ရွက်မှာပေါ့။ ဒါကတော့ မြန်မာပြည်ကိုယ်စား ကာဒီနယ်လ်တစ်ပါးအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာကတော့ သေချာတာပေါ့နော်”
ကာဒီနယ်လ် ချားလ်စ်မောင်ဘိုဟာ ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ ဈာပနပွဲကိုတက်ရောက်ဖို့ ဧပြီလ ၂၄ ရက် မနက်မှာပဲ ရန်ကုန်မြို့ကနေ အီတလီနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။