စစ်ကောင်စီပိတ်ထားလို့ စစ်ကိုင်း၊ ချင်းနဲ့ ရခိုင်ပြည်သူတွေ ဆေးဝါးပြတ်လပ်

RFA Burmese
2025.02.24
စစ်ကောင်စီပိတ်ထားလို့ စစ်ကိုင်း၊ ချင်းနဲ့ ရခိုင်ပြည်သူတွေ ဆေးဝါးပြတ်လပ် စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဝမ်းရောဂါ ဖြစ်ပွားနေသည့် စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Zalen Photo

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဆေးဝါးသယ်တာကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ ပိတ်ပင်တားဆီးထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ ကျန်းမာရေးကုသဖို့ ဆေးဝါးပြတ်လပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက RFA ကို ပြောပါတယ်။

"လူများလာတဲ့ အခါကျတော့ ဆေးဝါးတွေအတွက် ကျွန်တော်တို့က နေ့စဉ်လိုလို လိုအပ်သလိုမျိုးဖြစ်နေတယ်"

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပြီး၊ ဝမ်းရောဂါနဲ့ အရေပြားရောဂါတွေဖြစ်နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ရှောင်စခန်းတွေမှာ ယားနာတွေ ဖြစ်နေတယ်။ ယားနာဆေးဝါးတွေ တော်တော်လေး လိုတာပေါ့။ ရေမသန့်တာတွေလည်း ပါတာပေါ့နော်။ ခက်ခဲမှုက တော်တော်လေး ခက်ခဲပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးက တစ်ခုပြီးတစ်ခု ဖြစ်နေကြတာ။ သိတဲ့အတိုင်း ပြည်သူတွေက အစားအသောက် အနေအထိုင်တွေ ကျပ်တည်းလာတဲ့အခါကျတော့ ရာသီဥတုအလိုက် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကိုလည်း သိပ်ပြီးတော့ မတားဆီးနိုင်တော့တာလေ။ ထိထိရောက်ရောက်ပေါ့နော်။ အဓိက စကစပါပဲ၊ သူတို့ဘက်က ပိတ်တာ။ ဂိတ်ဖြတ်ကျော်ရင် အကုန်လုံးသိမ်းလိုက်တာ၊ မိရင်သိမ်းတယ်”

မင်းတပ်မြို့နယ်ကရွာတွေမှာ အခု ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဒေသခံ နှစ်ရာကျော်လောက် ဝမ်းရောဂါဖြစ်နေပြီး သေဆုံးတဲ့သူ သုံးဦးရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဝမ်းရောဂါဖြစ်နေတဲ့ ရွာသုံးရွာကို အသွားအလာ ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ


ရခိုင်ပြည်နယ်ကို ဆေးသယ်ခွင့်ပိတ်ထားလို့ မသေသင့်ဘဲ သေဆုံးသူတွေများလာ

ချင်းပြည်နယ်မှာ ကိုယ်၀န်ဆောင်မိခင်နဲ့ မွေးကင်းစကလေး သေဆုံးမှု များနေ

စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးပြတ်လပ်မှုဒဏ် ဆိုးရွားစွာ ရင်ဆိုင်နေရ


မြန်မာနယ်စပ်အနီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ပလက်ဝမြို့နယ်က ပြည်သူတွေလည်း ဆေးဝါးလုံလုံလောက်လောက် မရှိတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ် လို့ ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“နယ်စပ်ရဲ့ စစ်ဘေးရှောင်စခန်း အများစုနေတဲ့ နေရာမှာ ကျန်းမာရေးစောင့်ရှောက်မှု မရှိဘူး၊ ကိုယ်ထူကိုယ်ထ ဖြစ်တဲ့အခါကျတော့ ဆေးဝါးတွေကတော့ လိုအပ်နေဆဲဖြစ်တယ်လို့တော့ ပြောလို့ရတယ်။ လူများလာတဲ့ အခါကျတော့ ဆေးဝါးတွေအတွက် ကျွန်တော်တို့က နေ့စဉ်လိုလို လိုအပ်သလိုမျိုးဖြစ်နေတယ်။ ပလက်ဝမြို့နယ် အတွင်းထဲမှာကျတော့ လုံလောက်တဲ့ဆေးဝါးတော့ ရဖို့ခက်တာပေါ့”

ချင်းပြည်နယ်ထဲက ဒေသတချို့မှာ အရပ်ဘက်၊ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြည်သူ့ကျန်းမာရေးကို လက်လှမ်းမီသလောက်လုပ်ကြပေမဲ့ နာတာရှည်ရောဂါတွေနဲ့ ကူးစက်ရောဂါတွေ ကုဖို့အဆင်မပြေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ချင်းပြည်နယ်က ဒေသခံတော်တော်များများဟာ မီဇိုရမ်ပြည်နယ်ဘက်က ဆေးရုံတွေကို သွားရတာတွေရှိလာတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက RFA ကို ပြောပါတယ်။

“ဥပမာ အဲလိုမျိုးဝမ်းရောဂါ ဖြစ်လာပြီဆိုရင်လည်း ဒုက္ခသည် စခန်းတစ်ခုလုံးကို ချက်ချင်းပဲ ပျံ့နှံသွားတာပေါ့။ အဲလိုနေရာမှာ သူတို့အတွက်ကတော့ ဆေးရုံးဆေးခန်းတွေလည်း အခုချိန်မှာ ဝန်ဆောင်မှုပေးနိုင်ခြင်း မရှိဘူးဆိုတော့ NGO တွေ ဖွင့်ထားတဲ့ ကျန်းမာရေးဝန်ဆောင်မှုလောက်ကိုပဲ အားထားနေရတဲ့ အခြေနေမှာ ရှိမှာပေါ့နော်။ တော်တော်များများကတော့ ရောဂါဖြစ်ပြီးဆိုရင် ကလေးမြို့ကို ပြေးတဲ့သူတွေလည်းရှိတယ်၊ ရန်ကုန်၊ မန္တလေးဘက်ကို ဆင်းသွားတဲ့သူတွေဘက်လည်းရှိတယ်။ ဒါပေမဲ့ လုံခြုံရေးအရ အဆင်မပြေမှုတွေ အများကြီးရှိတဲ့အခါကျတော့ ချင်းပြည်နယ်ဘက်မှာရှိတဲ့ လူတော်တော်များများကကျတော့ ဆေးရုံ၊ ဆေးခန်း လာပြကြတာ တွေ့ရတယ်”

ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီဟာ ဆေးဝါးသယ်ယူခွင့် လုံးဝပိတ်ပင်ထားပါတယ်။

ရန်ကုန်မှာ ဆေးကုပြီး စစ်တွေကို ပြန်လာတဲ့လူနာတွေကိုတောင် ဆရာဝန်ပေးလိုက်တဲ့ဆေးအပြင် တခြားဆေး ယူလာခွင့်မပြုဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်မှာ နာတာရှည်ရောဂါသည်တချို့ အသက်ဆုံးရှုံးတာတွေရှိတယ်လို့ မောင်တော ဒေသခံ ကိုဝင်းနိုင်က ပြောပါတယ်။

“ဆေးဝါးဝင်မဲ့ လမ်းကြောင်းတွေမရှိလို့ နာတာရှည် ဆေးဝါးသောက်သုံးနေရတဲ့ သူတွေဟာ အသက် သေဆုံးမှုရှိတဲ့အထိကို ရောက်နေပါတယ်။ ကျွန်တော်တို့ အခု ရခိုင်ပြည်ထဲကို ဝင်နေတာတော့ အိန္ဒိယ လမ်းကြောင်းကနေ တချို့ဝင်တာရှိတယ်၊ ဘင်္ဂလားဒေ့ရှ် လမ်းကြောင်းကနေ ဝင်တဲ့ဟာရှိတယ်။ လိုအပ်ချက်အရ သုံးစွဲနေတဲ့သူတွေကတော့ တော်တော်လေးကို အခက်အခဲရောက်နေတဲ့ အနေအထားမှာရှိပါတယ်။ ရခိုင်ကို လုံးဝဆေးဝါးသယ်ဆောင်ခွင့် မရှိတဲ့အနေအထားမှာပဲ၊ ရန်ကုန်ကနေ ဆေးဝါးကုသပြီး ပြန်လာတဲ့သူတွေလည်း မိမိသောက်သုံးမဲ့ ဆေးအဆင့်လောက်ပဲရတယ်၊ အပိုယူလာလို့ မရတဲ့ အနေအထားပါ”

ရခိုင်ပြည်နယ်မှာ ပါတာစီတမော ဆယ်လုံးတစ်ကဒ်ကို ငါးထောင်ကျပ်အထိပေးပြီး ဝယ်နေရတယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့နယ် ပန်းသွယ်ရွာမှ ဝမ်းရောဂါ ကူးစက်ခံရသည့်လူနာအချို့ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
မင်းတပ်မြို့နယ် ပန်းသွယ်ရွာမှ ဝမ်းရောဂါ ကူးစက်ခံရသည့်လူနာအချို့ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ပြည်သူတွေရဲ့ ဆေးဝါးကုသခွင့်ကို ပိတ်ပင်တာဟာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့ ဒီလို အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ် လေးနှစ်အတွင်းမှာ ဆေးဝါးဖြတ်တောက်မှုတွေ လုပ်တယ်။ ပြီးရင် ဆေးဝါးကုသခွင့်တွေကို ငြင်းပယ်တာမျိုးတွေ အများကြီးတွေ့ရတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ အသက်ရှင်ပိုင်ခွင့်ကို စစ်ကောင်စီအနေနဲ့ တိုက်ရိုက်ချိုးဖောက်တာဖြစ်သလို စစ်ရာဇဝတ်မှုမြောက်တယ်၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ ပြောလို့ရတယ်”

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီ တုံ့ပြန်ချက်ရဖို့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးရာ ဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဥပဒေချုပ် ဦးလှသိန်းနဲ့ ချင်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ကူညီမှုနဲ့ ကမ္ဘာတစ်ဝန်းက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို သတင်းအချက်အလက် ထုတ်ပြန်နေတဲ့ Reliefweb ရဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါး သေဆုံးခဲ့ပြီး ၈၄ဝ နီးပါး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။