ပုဂ္ဂလိက ယာဥ်မောင်းသူတွေအနေနဲ့ လောင်စာဆီခြိုးခြံချွေတာဖို့၊ ကိုယ်ပိုင်ကားတွေ တစ်ရက်ခြား မောင်းကြဖို့နဲ့ စက်သုံးဆီ ဝယ်ယူစုဆောင်းတာ၊ စျေးတင်ရောင်းတာတွေ မလုပ်ဖို့ မတ်လ ၃ ရက်နေ့က အမိန့်ထုတ်အပြီး စစ်ကော်မရှင် ရုံးစိုက်ရာ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းမှာ စက်သုံးဆီ ဝယ်ယူရခက်ခဲသွားပြီး ပြင်ပပေါက် စျေးတွေလည်း အဆမတန် မြင့်တက်သွားတယ်လို့ စက်သုံးဆီ တန်းစီး ဝယ်ယူနေရသူတွေက RFA ကို မတ်လ ၅ ရက်နေ့မှာ ပြောပါတယ်။
နေပြည်တော်မြို့လယ်ဖြစ်တဲ့ ဇမ္ဗူသီရိမြို့နယ်မှာတောင် စက်သုံးဆီ အရောင်းဆိုင်တချို့ ပိတ်ထားရပြီး ရောင်းချပေးနေတဲ့ ဆိုင်တွေမှာလည်း ကားတန်းရှည်တွေနဲ့ တန်းစီဝယ်နေရကြတယ်လို့ နေပြည်တော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
နေပြည်တော်မြို့ခံ - “ဆီက DENKO မှာသွာတိုးရတယ်။ နောက်ပြီးတော့ ဧည့်ရိပ်သာက ပိတ်ထားတယ်။ ဧည့်ရိပ်သာရှေ့တည့်တည့်က ဆီပန့်ကြီးက ပိတ်ထားတယ် သူကတော့ မရတော့ဘူး။ ဓတ်ဆီအကျပ်အတည်းကတော့ စိုးရိမ်ကြတာပဲ။ ဝန်ထမ်းတွေဆို ပိုဆိုးတာပေါ့ တချို့ဝန်ထမ်းတွေဆိုရင် ဆိုင်ကယ်ဆီဖြည့်ပြီးတော့ ဆိုင်ကယ်နဲ့ မသွားတော့ဘဲနဲ့ ဖယ်ရီကားပဲ စောင့်စီးတော့မယ်ဆိုပြီး လုပ်ကြရတာ အရင်က ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် သွားကြတာလေ”
ရပ်ကွက်တွေထဲမှာ တစ်နိုင်တစ်ပိုင် ရောင်းချတဲ့ ဆိုင်တွေမှာ ဓာတ်ဆီတစ်လီတာကို ၄၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၇၀၀၀ အထိ စျေးတက်သွားတယ်လို့ သူက ပြောပါတယ်။ အလားတူ ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းနဲ့ပြည်နယ် မြို့ကြီးတွေနဲ့ နယ်စပ်မြို့တွေပါမကျန် စက်သုံးဆီတွေကို တန်းစီဝယ်ယူနေရတာပါ။ တန်းစီဝယ်ယူချိန်မှာလည်း လိုသလောက် ရောင်းပေးတာမျိုးမဟုတ်ဘဲ ပမာဏအကန့်အသတ်နဲ့ပဲ ရောင်းချ ပေးတာလို့ စက်သုံးဆီ တန်းစီဝယ်ယူသူတွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာဆိုရင်လည်း စက်သုံးဆီ ပြင်ပပေါက်စျေးတွေ အဆမတန်မြင့်တက်သွားတာကြောင့် အခြေခံလူတန်းစားတွေ အခက်ကြုံနေရတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
မြ၀တီမြို့ခံ-“တချို့ဆိုင်တွေဆိုရင် အဲဒီနား ပေးနေတယ်ကြားလို့ ကြားလို့ သွားတော့ ဟိုလည်းရောက်ရော ကုန်သွားပြီဆိုပြီး ပိတ်ပစ်လိုက်တယ်။ လိုင်းပေါ်မှာ တင်ရောင်းနေတာကျတော့ စျေးတွေက အော်ပျံနေတာပဲ လီတာ ၂၀ ပုံးဝါတစ်ပုံးကို ဘတ် ၁၅၀၀ တို့ ၁၈၀၀ တို့ အဲဒီလိုမျိုးပေါ့ ပါးစပ်ထဲစျေးတွေပေါ့ အဲဒီလိုမျိုးတွေတော့ ရှိတယ်။ အဓိက ဒုက္ခရောက်တာတော့ ဆိုင်ကယ် တက္ကစီတို့ဘာတို့ မောင်းစားတဲ့သူတွေပေါ့ အခြေခံလူတန်းစားတွေပေါ့ အဲဒီလိုမျိုးတွေကတော့ တော်တော် ဒုက္ခရောက်တယ်”
လောင်စာဆီခြိုးခြံချွေတာဖို့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး မတ်လ ၇ ရက်နေ့မှာ စ အသက်ဝင်မှာ ဖြစ်ပါတယ်။ စစ်ကော်မရှင်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းသုံးဖို့ ရက် ၄၀ စာ အရန်စက်သုံးဆီ ရှိတဲ့အတွက် ပြတ်လတ်စရာမရှိဘူးလို့ မတ်လ ၄ ရက်နေ့မှာ မီဒီယာတွေကို ဖြေဆိုထားပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်း - “မြန်မာနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ စက်သုံးဆီ ပုံမှန်သုံးစွဲရင်တောင်မှပဲ ရက် ၄၀ စာ အရန်ရှိပါတယ်။ ဆိပ်ကမ်းမှာ မချရသေးတဲ့ သင်္ဘော ၂ စင်း ရှိပါတယ်။ စက်သုံးဆီများ ဝယ်ယူပြီးတော့ တင်ဆောင်ပြီးလာနေတဲ့ သင်္ဘော ၁၄ စင်း ရှိပါတယ်။ စက်သုံးဆီ ပြတ်တောက်စရာ အကြောင်းမရှိပါဘူးလို့ပဲ ပြောချင်ပါတယ်”
စက်သုံးဆီချွေတာဖို့ ထုတ်ပြန်ရတာက အီရန်စစ်ပွဲကြောင့် စက်သုံးဆီအကျပ်အတည်း ရေရှည်ဖြစ်လာခဲ့ရင် စနစ်တကျ ဖြတ်သန်းနိုင်ဖို့ ကြိုတင်ပြင်ဆင်တာလို့ သူကဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စက်သုံးဆီ သုံးစွဲမှုဟာ တစ်ရက်ကို ဓာတ်ဆီ ဂါလံ ၁ ဒသမ ၅ သန်း၊ ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၇ သန်း စုစုပေါင်း ၃ ဒသမ ၂ သန်းခန့် ရှိတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ နေ့စဉ် ဂါလံသန်းချီ အသုံးပြုနေရတဲ့ စက်သုံးဆီတွေကို ပြည်ပက အဓိက တင်သွင်းရတာဖြစ်တဲ့အတွက် လောင်စာဆီ ပြဿနာကြုံလာတဲ့အခါ မြန်မာနိုင်ငံအတွက် အထိအခိုက်များနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်း က သုံးသပ်ပါတယ်။
ဦးအောင်သူငြိမ်း- ISP Myanmar - “ကျနော်တို့ မြန်မာနိုင်ငံမှာ စွမ်းအင်လုံခြုံမှု သေချာမရှိပါဘူး။ မရှိတော့ ပြည်ပက ဝယ်သုံးရတယ်။ အထူးသဖြင့် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံလောက်အထိ သွင်းရပါတယ်။ ပြည်ပကနေ သွင်းကုန် စုစုပေါင်းရဲ့ ပမဏဆိုရင် ၃၆ ရာခိုင်နှုန်းကျော်တယ်ဗျ။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ လောင်စာစွမ်းအင် ပြဿာနရှိလာတဲ့အခါမှာ စျေးတွေ ပိုကြီးမြင့်လာမယ်။ ရေနံချက်ပြီး ပို့တဲ့နိုင်ငံတွေကစလို့ ရေနံရရှိမှုခက်ခဲလာရင် ဒါက အများကြီး ထိခိုက်နိုင်တဲ့ အနေအထားရှိပါတယ်”
အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသ အီရန်၊ အစ္စရေး၊ အမေရိကန် စစ်ပွဲ ၅ ရက်ကျော်လာပြီး စစ်ပွဲကျယ်ပြန့် လာတာနဲ့အတူ ရေနံ ပင်ပသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားမှာ ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်လုနီးပါးဖြစ်နေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
အမေရိကန် စွမ်းအင်သတင်းအချက်အလက်ဌာန (EIA) ရဲ့ အချက်အလက်အရတွေအရ ဟော်မုဇ် ရေလက်ကြားကနေ နေ့စဉ် ရေနံစည် (petroleum liquids) ပေါင်း သန်း ၂၀ ခန့် ဖြတ်သန်းနေပြီး ဒါဟာ ကမ္ဘာ့ရေနံအသုံးပြုမှုရဲ့ ၅ ပုံ ၁ ပုံခန့်နဲ့ ညီမျှပါတယ်။ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းနေတဲ့ ရေနံတွေရဲ့ ၈၄ ရာခိုင်နှုန်းခန့်ဟာ အာရှဈေးကွက်ကို ရောက်ရှိတယ်လို့လည်း EIA က ဖော်ပြပါတယ်။
ဒါ့ကြောင့် မြန်မာအပါအဝင် အာရှနိုင်ငံတွေဟာ အီရန်စစ်ပွဲကာလမှာ လောင်စာဆီအကျပ်အတည်းကို စစ်ပွဲမပြီးသရွေ့ ဆက်ပြီး ရင်ဆိုင်ရနိုင်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ ။
