ဧရာဝတီတိုင်းအတွင်း ချီတက်နေတဲ့ သပိတ်စစ်ကြောင်းမှာ မသန်စွမ်း ကျောင်းသူ မစုပုံချစ်ဟာ ဒီနေ့ ညောင်တုန်းကနေ မအူပင်အထိလိုက်ပါလာခဲ့ပါတယ်။ မစုပုံချစ်ဟာ မွေးရာပါ မသန်စွမ်းသူဖြစ်ပေမယ့် သြစတေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်က မဟာသိပ္ပံဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။ မစုပုံချစ်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဦးတင်အောင်ခိုင်။ ။မစုပုံချစ်က ဘယ်အထိကို လိုက်ပို့မှာလဲခင်ဗျ။
မစုပုံချစ်။ ။မအူပင်အထိလိုက်ပို့မှာပါရှင့်၊ အခုမအူပင် အထိရောက်နေပြီဆိုတော့ ငူတို့စုရပ်ဖြစ်တဲ့ မိဘမဲ့ဂေဟာအထိလိုက်ပို့မှာပါ၊
ဦးတင်အောင်ခိုင်။ ။ဒီနေ့လမ်းခရီးမှာပေါ့ တွေ့ရတဲ့အခြေအနေလေး နည်းနည်းပြောပြပေးပါဦး။
မစုပုံချစ်။ ။အားလုံးကတော့ အဆင်ပြေပါတယ်ရှင့်၊ ဒီကိုဝင်ခါနီးမှတော့ လုံခြုံရေးကလာမေးတယ်၊ လာပြီးတော့စကားပြောတဲ့ ရဲတပ်ဖွဲ့ဝင်ပေါ့နော်၊ ရဲတပ်ဖွဲ့ဝင်တချို့ကိုတော့ တွေ့ရပါတယ်၊ လုံခြုံရေးအရလာပြီးတော့ သူတို့အဲ့လို့ပဲမေးရမြန်းရတာလို့ပြောပါတယ်ရှင့်။
ဦးတင်အောင်ခိုင်။ ။ကျောင်းသားတွေ ဆန္ဒပြတာနဲ့ပတ်သက်ပြီးတော့ မစုပုံချစ်ရဲက သဘောထားက ဘယ်လိုရှိလဲ ပြောပြပေးပါဦး။
မစုပုံချစ်။ ။သမီးတို့ကျောင်းသားတွေ အခုလုပ်တဲ့အရေးတော်ပုံကတော့ အောင်မြင်မယ်လို့ သမီးယုံကြည်ပါတယ်ရှင့်၊ လွှတ်တော်အခန်းကရော သမီးတို့ကျောင်းသားတွေ လိုလားချက်တွေကို အမြန်းဆုံးဖြည့်ဆည်းပေးမယ်လို့ သမီးယုံကြည်ပါတယ်ရှင့်။
ဦးတင်အောင်ခိုင်။ ။မသန်မစွမ်းဖြစ်တာလေး၊ သမီးအခြေအနေလေး ပြောပြပေးပါဦး။
မစုပုံချစ်။ ။သမီးက မွေးရာပါမသန်စွမ်းတစ်ယောက်ပါရှင့်၊ လက်နှစ်ဖက်လုံးမပါဘူးရှင့်၊ ပြီးတော့ဘယ်ခြေထောက် တစ်ချောင်းပဲကောင်းကောင်းမွန်မွန်ပါပါတယ်။
ဦးတင်အောင်ခိုင်။ ။သမီးက စာရေးတဲ့အခါမှာ ကွန်ပျူတာနဲ့ပဲ အလုပ်လုပ်တာလား၊ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ရေးလဲ။
မစုပုံချစ်။ ။သမီးက ခြေထောက်နဲ့ရေးပါတယ်ရှင့်၊ သမီးမှာ အကောင်းပကတိပါတဲ့ ဘယ်ခြေထောက်တစ်ချောင်နဲ့ ရေးတာပါရှင့်။
ဦးတင်အောင်ခိုင်။ ။သမီးက အခုသြစတေးလျမှာလည်း ကျောင်းသွားတက်ဖူးတဲ့အခါမှာ ဗမာပြည်ကပညာရေးစနစ်နဲ့ပေါ့လေ သြစတေးလျမှာ ကြုံခဲ့ရတာနဲ့ပေါ့လေ နှိုင်းယှဉ်ပြီးတော့ ဘာများပြောချင်လဲ။
မစုပုံချစ်။ ။သမီးတို့ကျောင်းသားတွေအတွက်ပေါ့နော် လုပ်ဖို့လည်းအများကြီးလိုပါသေးတယ်၊ သမီးတို့က အခုမှပြုပြင်ပြောင်းလဲနေတဲ့ အချိန်ပေါ့နော်၊ ဥပဒေပြုတဲ့ဟာတွေလည်း အားလုံးကလွဲနေတဲ့အချိန်မှာမှ အားလုံးကပြုပြင်ပြောင်းလဲပြီးရင်တော့ အားလုံးက နောင်းအနာဂတ်မှာ ဒီထက်ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်ရှင့်။
ဦးတင်အောင်ခိုင်။ ။အခုကျောင်းသားတွေကနေပြီးတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့ သူတို့ကဆန္ဒပြနေတာလေ၊ အပေါ်မှာရော သမီရဲ့အမြင်က ဘယ်လိုရှိပါလဲ။
မစုပုံချစ်။ ။ဟုတ်ကဲ့ရှင့် သမီးတို့ တောင်းဆိုထားတဲ့ ၁၁ ချက်မှာ သမီးတို့အစ်ကိုကြီးတွေကရော ဒီအမျိုးသားပညာရေးဥပဒေမှာ သမီးကတော့မသန်စွမ်းဖြစ်တယ်၊ မသန်စွမ်းဖြစ်သူဖြစ်တဲ့အတွက်ကြောင့်မို့ မသန်စွမ်းနဲပပတ်သက်တာပေါ့နော်၊ အဲ့ဒီမှာ အမျိုးသားပညာရေးဥပဒေမှာ တစ်ခုပဲပါတယ်ပေါ့နော်၊ အထူးပညာရေးဆိုတဲ့တစ်ခုပဲ မသန်စွမ်းတွေအတွက် သူတို့လုပ်ပေးထားတာရှိတယ်ပေါ့နော်၊ အဲ့အတွက်လည်း သမီးတို့အရမ်းဝမ်းနည်းတာပေါ့နော်၊ သမီးတို့က အထူးပညာသင်ကြားရေးကို မလိုချင်ပါဘူး၊ လူတိုင်းသုံးနေတဲ့ ပညာရေးကိုပဲလိုချင်တာပါ၊ အထူးပညာရေးက သမီးတို့အတန်းစားအတွက် ခွဲခြားပြီးဆက်ဆံခံနေရတယ်လို့ မြင်နိုင်ပါတယ်ရှင့်၊ အထူးပညာရေးတစ်ချက်တည်းပါတာကိုလည်း သမီးတို့ဝမ်းနည်းတယ်ပေါ့နော်၊ ပြီးတော့ အထူးပညာသင်ကြားရေးကို မထောက်ခံပါဘူးရှင့်၊ အခုတောင်းဆိုတဲ့အထဲမှာလည်း ဒီတစ်ချက်ပါတဲ့ အတွက်ကြောင့်မို့လို့ သမီးကသူတို့ကိုလည်း ကျေးဇူးတင်တယ်၊ သမီးတို့ကလည်း ဝမ်းလည်းဝမ်းသာပါတယ်ရှင့် အဲ့အတွက်ကြောင့် သမီးလုပ်နိုင်တဲ့ဘက်ကနေ လိုက်လာခြင်းဖြစ်ပါတယ်ရှင့်။
ဦးတင်အောင်ခိုင်။ ။ရန်ကုန်အထိရော လိုက်ဖို့အစီအစဉ်ရှိလား။
မစုပုံချစ်။ ။သမီးကသူတို့လို အားသွန်ပြုပြီးတော့ မလိုက်နိုင်သေးလို့ပါရှင်၊ အခုသမီးအားတဲ့ စနေ၊ တနင်္ဂနွေနဲ့ တိုက်ဆိုင်နေတယ်၊ ပြီးတော့ သမီးမြို့ကိုလည်း လာတယ်ပေါ့၊ အဲ့အတွက်မို့လို့ မအူပင်လောက်ထိ သမီးလိုက်ပို့ဖြစ်တာပါရှင့်၊ အခုလက်ရှိအချိန်အထိတော့ မပါချင်သေးပါဘူးရှင့်။
ဦးတင်အောင်ခိုင်။ ။အခုပြောနေကြတာက ဧရာဝတီတိုင်းက အာဏာပိုင်တွေကပြောနေတာက ဒီဧရာဝတီတိုင်းကျော်လို့ရှိရင် တာဝန်မယူဘူးလို့ ပြောနေတယ်လေ၊ အဲ့ဒီဟာနဲ့ပတ်သက်လို့ရော သမီးဘယ်လိုမြင်လဲ။
မစုပုံချစ်။ ။ဒါကတော့ သူတို့အခန်းကဏ္ဍဖြစ်ပါလိမ့်မယ်နော်၊ သူတို့ကလည်း သူတို့တက်နိုင်တဲ့ ဘောင်ပေါ့နော်၊ ရန်ကုန်တိုင်းကလည်း အဲ့လိုမျိုးပဲ ကျောင်းသားတွေကို ပြေပြေလည်လည်ဖြစ်သွားအောင် လုပ်ပေးမယ်လို့ သမီးယုံကြည်ပါတယ်၊ ဧရာဝတီတိုင်းကပါမကဘူး ရန်ကုန်တိုင်းကပါ ဒီလိုမျိုးလုပ်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဦးတင်အောင်ခိုင်။ ။ကျေးဇူးပဲနော်၊ အခုလိုရှင်းပြတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။
မစုပုံချစ်။ ။သမီးကလည်း ကျေးဇူးတင်ပါတယ်ရှင့်။
