နှစ်သစ်ကူး အတာသင်္ကြန်ပွဲ ဆင်နွဲနေကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စု ကိုယ်စား အကောင်းဆုံး ဆုမွန်တွေနဲ့ ထောက်ခံအားပေးလျှက်ရှိနေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို(Marco Rubio)က ဧပြီ ၁၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။
သင်္ကြန်နှစ်ကူးကာလဟာ နှစ်ဟောင်းကနေ နှစ်သစ်ကို အကူးအပြောင်း ဖြစ်တာနဲ့အညီ နှစ်ဟောင်းက အကြောင်းတွေကို ပြန်သုံးသပ်တဲ့ ကာလဖြစ်သလို နှစ်သစ်မှာ ဖြစ်လာမယ့် အသစ်တွေကို အာရုံပြုရတဲ့ အခွင့်အလန်းသစ်တစ်ရပ်လည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် တိုင်းပြည် ထိခိုက်နစ်နာဆုံးရှူံးနေရတဲ့အချိန် မြန်မာပဋိပက္ခ ချုပ်ငြိမ်းရေး ကူညီပံ့ပိုးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး သန္နိဋ္ဌာန်ချထားပါကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာပြည်သူတွေဟာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ ဘေးဒုက္မတွေကြားက ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်ကို အကြိမ်ကြိမ် ပြသခဲ့ကြကြောင်း၊ နှစ်ကူးသင်္ကြန်ကာလ စိတ်သစ်လူသစ်နဲ့ ပိုကောင်းမွန်တဲ့ အနာဂတ်ကို မျှော်မှန်းရင်း မြန်မာပြည်သူအများ စိတ်ဓာတ်ခွန်အား၊ ခံနိုင်ရည်စွမ်းအားနဲ့ မျှော်လင့်ချက် အသစ်တွေ လက်ဝယ်ပိုင်ဆိုင်ရရှိပါစေကြောင်း အမေရိကန်ပြည်ထောင်စုက ဆုမွန်ကောင်း တောင်းပါ ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပြောကြားထားပါတယ်။
ဒီထုတ်ပြန်ချက်မှာ မြန်မာစစ်ကော်မရှင်ရွေးကောက်ပွဲအရ တက်လာတဲ့ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အစိုးရသစ်နဲ့ လွှတ်တော်သစ် အပေါ် အသိအမှတ်ပြု ထည့်သွင်း ပြောကြားခြင်း အလျင်းမရှိပါဘူး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အလားတူ ထိုင်းနိုင်ငံရဲ့ သင်္ကြန်နှစ်သစ်ကူး ဆုန်ကရန်ပွဲတော် အထိမ်းအမှတ် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ထိုင်းပြည်သူအများ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းခဲ့သလို တက်လာတဲ့ ထိုင်းအစိုးရသစ်နဲ့ အမေရိကန်နဲ့ ထိုင်းနိုင်ငံတွေ ကြီးပွားတိုးတက်အောင် အတူလက်တွဲဆောင်ရွက်သွားမယ့်အကြောင်း ထည့်သွင်းပြောကြားထားပါတယ်။
