နှစ်တစ်ရာမှာတစ်ခါရတဲ့အခွင့်အရေးကို အမိအရ အသုံးချဖို့ AA တိုက်တွန်း

စစ်အာဏာသိမ်းလိုက်လို့ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ မြန်မာစစ်တပ်ကိုတော်လှန်နေတာဟာ နှစ်ပေါင်းတစ်ရာမှာ တစ်ခါလောက်ရတဲ့အခွင့်အရေးဖြစ်တယ်လို့ အာရက္ခ တပ်တော် (AA) ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က သုံးသပ်ပြောဆိုပါတယ်။

ဧပြီလ ၁၃ ရက်နေ့က အွန်လိုင်းကနေကျင်းပတဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တည်ထောင်ခြင်း ငါးနှစ်ပြည့်အခမ်းအနားမှာပြောလိုက်တာပါ။

တော်လှန်ရေးအောင်ပွဲရတဲ့အထိ အားစိုက်ကြိုးပမ်းကြဖို့ သူကတိုက်တွန်းလိုက်ပါတယ်။

“ဒီနေ့ဒီအချိန်ခါမှာ ဒီလိုမျိုးအခွင့်အရေးဆိုတာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာကျတော့ အရင်တုန်းကဆိုရင် ဗမာကို ဗမာကတော်လှန်တဲ့ ပုံစံကရှိခဲ့ပေမဲ့သိပ်ပြီးမှမရှိခဲ့ဘူး။ အခုကျတော့ စစ်အာဏာရှင်ပေါ့ စစ်အာဏာရှင် ကိုတော်လှန်တဲ့အဖွဲ့အစည်းတွေကလည်း ထပ်ပြီးမှပေါ်လာတဲ့အတွက်ကြောင့် ဒါဟာကောင်းတဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ ကျနော်တို့ အမြင်မှာဆိုရင် နှစ်ပေါင်း တစ်ရာလောက်မှာမှ တစ်ခါလောက်ပေါ်တဲ့ အခွင့် အရေးဆိုတော့ ဒီအခွင့်အရေးကို ကျနော်တို့က အကောင်းဆုံးနဲ့ အကျိုးရှိရှိအသုံးချနိုင်ဖို့လည်းလိုပါတယ်”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ ရှမ်းမြောက်စစ်ဆင်ရေးအပါအဝင် ကိုယ့်ဒေသတွေမှာ ထိုးစစ်ကြီး တွေလုပ်နိုင်ခဲ့တာဟာ နွေဦးတော်လှန်ရေးနဲ့အတူပေါ်လာတဲ့ အခွင့်အရေးကို အမိအရ ရယူနိုင်ခဲ့တာကြောင့်လို့ သူကပြောပါတယ်။ AA ဒုစစ်ဦးစီးချုပ်ရဲ့ တိုက်တွန်းချက်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးက သဘောတူတယ်လို့ RFA ကိုပြောပါတယ်။

“ဖက်ဒရယ်ဒီမိုကရေစီကိုသွားကြဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင်ကြိုးစားနေကြတယ်ဆိုတဲ့ ERO တွေရဲ့ အခြေ အနေကတော့ ဒါက ရတောင့်ရခဲအခွင့်အရေးဖြစ်တယ်။ သို့သော် တစ်ဖက်ကကြည့်ရင်လည်း လက်တွေ့ကျကျ စည်းကမ်းရှိပြီး စည်းလုံးဖို့ကတော့လိုအပ်နေတယ်လို့ ကျွန်တော်မြင်ပါတယ်။ စည်းလည်းစည်းရုံးမယ် စည်းကမ်းလည်းရှိလာပြီဆိုရင်တော့ အခု SCEF (ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ) လိုပေါ့ One command၊ One strategy နဲ့ သွားနိုင်ဖို့ ဆိုတာတော့ ပိုမြန်မယ်ပိုပြီးတော့ထိရောက်မယ် လို့ ကျွန်တော်တို့လည်း မြင်ပါတယ်”

ဒါပေမဲ့ လက်ရှိမှာ အခွင့်အရေးဟာနည်းသထက်နည်းလာတဲ့အတွက်ရတဲ့အချိန်မှာ နေ့မအား၊ ညမအား ကြိုးစား ဖို့လည်း ဒေါက်တာညိုထွန်းအောင်ကတိုက်တွန်းပါတယ်။ ဒါနဲ့ပတ်သက်လို့ AA ရဲ့ တိုက်တွန်းချက်ဟာ လက်တွေ့ကျတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးကသုံးသပ်ပါတယ်။

“သူရဲ့တိုက်တွန်းချက်ဟာ လက်တွေ့ကျတယ်လို့ပဲ မြင်ပါတယ်။ ဘာလို့လည်းဆိုတော့ လက်ရှိကာလရဲ့ စစ်ရေး အနိုင်အရှုံးရလဒ်ဟာ အလွန်အရေးကြီးနေတာပေါ့နော်။ စစ်တပ်ဘက်က တစ်ဖက်ကနိုင်ငံရေးအရ အစိုးရသစ် ဖွဲ့ပြီး စစ်ရေးအရလည်း နယ်မြေအစုံမှာ ဖိအားပေးပြီးမှ နယ်မြေတွေ ပြန်ယူနေတာရှိတယ်။ ပြောရရင်တော့ De facto အာဏာရရှိမှုမှတဆင့် နိုင်ငံတကာအသိအမှတ်ပြုမှုဆိုတဲ့ Legitimacy ပိုရအောင် ကြိုးစားနေတဲ့အချိန်ပေါ့ ဒီကာလအလွန်ရေးကြီးတာပေါ့နော်”

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ရဲ့ ငါးနှစ်ပြည့်အခမ်းအနားကို AA အပြင် နွေဦးတော် လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ (PNFC)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ် တော်နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ တို့တက်ရောက်ခဲ့ပါတယ်။