နိုင်ငံရေးနဲ့ သုတရသ စာပေတွေကို ရေးသားနေသူ သတင်းစာ အယ်ဒီတာ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်ညွှန့်ကို စစ်တပ်အဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု
ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဧပြီလ ၂၃ နေ့က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
လူမှုကွန်ရက် Tiktok မှာ အမျိုးသမီးတစ်ယောက် စာအုပ်ရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး စာရေးသူ အသက် ၇၀ ကျော် စာရေးဆရာ ဦးတင်ညွှန့်ကို ဧပြီလ ၂၃ နေ့ မနက်အစောကြီး ၂ နာရီအချိန် သန်လျင်က အိမ်မှာ လာဖမ်းသွားတာဖြစ်တယ်လို့ဆိုပါတယ်။
စာရေးဆရာဦးတင်ညွန်နဲ့နီးစပ်တဲ့ စာပေလောကသမားတစ်ဦးက စစ်အာဏာမသိမ်းခင်က ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ အမျိုးသမီးတစ်ဦးက Tiktok မှာ ဆရာစာအုပ်တွေတင်ရောင်းတယ်။ သူက အွန်လိုင်းမှာ လိုင်စင်မရှိဘဲရောင်းလို့ဆိုပြီး ရောင်းတဲ့ အဲဒီအမျိုးသမီးကိုလည်းဖမ်းတယ်။ အဲဒီစာအုပ်တွေကို ထုတ်ဝေခဲ့တဲ့ ဆရာကြီးဦးတင်ညွန့်ရဲ့သားကိုလည်းဖမ်းသွားတယ်။ ဆရာဦးတင်ညွန့်ကောဆို သုံးယောက်ဖမ်းခံလိုက်ရတာပေါ့၊ အခုနောက်ဆုံးကြားရတာကတော့ စာအုပ်ရောင်းတဲ့ အမျိုးသမီးဖြစ်သူ မရီရီက သာကေတရဲစခန်းမှာ ဖမ်းဆီးခံထားရပြီး ဆရာကြီးနဲ့ သူ့သားကတော့ သန်လျင်ရဲစခန်းမှာလို့ ပြောပါတယ် ”
ဖမ်းခံထားရတဲ့ မရီရီ လူမှုကွန်ရက် Tiktok မှာ တင်ရောင်းခဲ့တဲ့စာအုပ်တွေကတော့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တို့မှာ ရေးသားထုတ်ဝေခဲ့တဲ့ ဦးတင်ညွှန်ရဲ့ ခွေးထိန်းငတာ၊ ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည် နဲ့ ဦးသန်းရွှေ၏ ယတြာများ စာအုပ်တို့ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတဲ့ စာရေးဆရာ ဦးတင်ညွန့်ဟာ ကျောင်းဆရာဟောင်းနဲ့ သတင်းစာ အယ်ဒီတာတစ်ဦးဖြစ်ခဲ့သလို ရိုးမပေါ်မှာကျတဲ့ မျက်ရည် ဝတ္ထုရှည်နဲ့ လူသိများထင်ရှားပြီး နိုင်ငံရေး၊ ရသနဲ့ သုတစာပေတို့အပါအဝင် စာအုပ်ပေါင်း ၅၀ ကျော်ကို ရေးထားတဲ့ စာရေးဆရာ လူငယ်စာပေဆု၊ နိုင်ငံရေးစာပေဆု၊ အမျိုးသားစာပေဆုတို့ကို ရရှိထားသူ ဖြစ်ပါတယ်။
အမျိုးသားစာပေဆုရှင် စာရေးဆရာ ဦးတင်ညွှန့် ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရလက်ထက် ၂၀၁၇ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာနက ကျောင်းဆရာမှတ်တမ်းစာအုပ်နဲ့ အမျိုးသားစာပေဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
