အာဏာသိမ်းသမ္မတရဲ့ ကဆုန်လပြည့်နေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ အကျဉ်းသူ၊ အကျဉ်းသား ၁၅ဝဝ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား လေးဦးခန့်သာ ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မေလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းသမ္မတက အကျဥ်းသူ၊ အကျဉ်းသား ၁,၅၀၈ ဦးကို ပုဒ်မ ၄၀၁၊ အပိုဒ်ခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ရင် ၄င်းပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်တဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ ဧပြီ ၃ဝ ရက်နေ့ မနက်က ပြန်လွှတ်လိုက်တာဖြစ်ပါတယ်။
PPNM ရဲ့ မေလ ၁ ရက်နေ့အထိ စာရင်းတွေအရ ကျိုက်မရောဗဟိုအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ တစ်ဦး၊ ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား သုံးဦး၊ စုစုပေါင်း လေးဦးသာ လွတ်မြောက်ခဲ့ပါတယ်။
လွှတ်ပေးလိုက်တဲ့ ၁,၅၀၈ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ၄ ဦးသာ ပါဝင်တာဟာ စစ်အုပ်စုရဲ့ လုပ်ရပ်မှန်ကန်မှုမရှိတာကို မီးမောင်းထိုးပြနေတယ်လို့ PPNM က ဆိုပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ အာရုံစိုက်မှုကို လွှဲပြောင်းဖို့နဲ့ နိုင်ငံရေးဖိအားတွေကို လျှော့ချဖို့ရည်ရွယ်တဲ့ ဟန်ပြစာရင်းသာဖြစ်တယ်လို့လည်း PPNM သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတရာထူးရယူပြီးနောက်ပိုင်း ဧပြီ ၁၇ ရက်နေ့မှာ တစ်ကြိမ် အကျဉ်းသူ၊ အကျဉ်းသား လေးထောင်ကျော်ကို လွှတ်ခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းချခံထားရသူတွေထဲက နှစ်ရာနီးပါးပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းတွေအရ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရသူ သုံးသောင်းကျော်ရှိပြီး အခုနှစ် ဧပြီ ၃ဝ ရက်နေ့အထိ စာရင်းတွေအရ အဲဒီထဲက နှစ်သောင်းကျော် ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။
