စစ်ခေါင်းဆောင် သမ္မတဖြစ်လာပြီးနောက် သေဆုံးမှုတွေ ပိုများလာ

ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေသာ ဖြစ်ဟုဆို။

ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင် စစ်ခေါင်းဆောင်အဖြစ်မှ သမ္မတအဖြစ် စတင်ပြောင်းလဲ လာတဲ့ ဧပြီလတစ်လအတွင်းမှာ အရပ်သားပြည်သူ ၃၇ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ ခုနှစ်ဦးက ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ၂၅ ဦးအပါဝင် ပစ်ခတ်မှုကြောင့် ငါးဦး အားလုံး ၃၇ ဦး၊ ဒီကိန်းဂဏန်းတွေဟာ အတည်ပြုနိုင်တဲ့ အချက်အလက်တွေသာဖြစ်ပြီး တကယ့်လက်တွေ့မှာ သေဆုံးမှုနှုန်းက ပိုများနိုင်တယ်လို့ AAPP က ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ တစ်လအတွင်း သေဆုံးခဲ့သူ ၁၂၀ ဦးကိုလည်း အတည်ပြုနိုင်ဖို့ AAPP က ကြိုးစားနေတယ်လို့ ပြောပါတယ်။

AAPP ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးတိတ်နိုင်က စစ်တပ်ခေါင်းဆောင် သမ္မတဖြစ်လာပြီးနောက်ပိုင်း သတ်ဖြတ်ခံရတဲ့ပြည်သူတွေ ပိုများလာတယ်လို့ ပြောပါတယ်။

“စစ်အာဏာသိမ်းခေါင်းဆောင် သမ္မတမင်းအောင်လှိုင်နဲ့ အခုလက်ရှိစစ်တပ်က ခေါင်းဆောင်တွေက ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မယ်လို့ ပြောကြတယ်။ ဒါပေမယ့် လက်တွေ့မှာက စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး ကလေးတွေနဲ့ အမျိုးသမီးတွေကိုပါ မရှောင် ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပိုလုပ်ပြီး သတ်ဖြတ်နေတယ်၊ပြောချင်တာက ဗုံးကြဲသတ်ဖြတ်မှုတွေက အရင်က ပိုဆိုးလာတယ်။”

၂၀၂၆ မေလ ၃ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တစ်လတာ အနှစ်ချုပ် အစီအရင်ခံစာအား တွေ့ရစဥ်။
Nearly 40 civilians killed in April as military chief transformed himself as president: AAPP2 ၂၀၂၆ မေလ ၃ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တစ်လတာ အနှစ်ချုပ် အစီအရင်ခံစာအား တွေ့ရစဥ်။ (AAPP)

အခုလိုလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေသာ ဖြစ်ကြောင်း AAPP ပြောဆိုပြီး အဲဒီအပေါ် အာဆီယံနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက စစ်တပ်ရဲ့ အကြမ်းဖက်တွေကို ရပ်တန့်အောင် ဆောင်ရွက်ပေးကြဖို့ အရေးကြီးတယ်လို့ တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အခုနှစ် ဧပြီလ ၃၀ နေ့အထိ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၈၀၀၀ ဦး သေဆုံးခဲ့ပြီး သီးခြားစာရင်းပြုစု ထားတဲ့ အတည်ပြုဖို့လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူက ၄၈၀၀ ရှိတယ်လို့ AAPP က ဆိုပါတယ်။