ကနီမှာ နှစ်ရက်အတွင်း ရွာ​ခြောက်ရွာခန့် မီးရှို့ခံရ

သမင်ခြံ ရွာခံ အမျိုးသား ၁၀ ဦး စစ်ကြောင်းက ဖမ်းဆီးခံရပြီး ပြန်လွတ်တာမရှိသေးဘူးဟုဆို။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာကြောင့် နှစ်ရက်အတွင်း ကျေးရွာ ​​ခြောက်ရွာခန့် မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က မေလ ၁၃ ရက်နေ့မှာ သမင်ခြံရွာနဲ့ မေလ ၁၂ ရက်နေ့မှာ ရှမ်းမြောင်းရွာ၊ တဇယ်ချောင်းရွာ၊ မင်းကုန်းရွာ၊ ညောင်ပင်ဝန်းရွာနဲ့ ပန်ဆိုင်းရွာတွေကို မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။

ကနီကို စစ်တပ်က စစ်ကြောင်းထိုးမှုနဲ့အတူ လေကြောင်းတိုက်ခိုက်တာ၊ မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကနီမှာ စစ်ကြောင်းရောက်နေတာ ၁၄ ရက်ရှိပြီဗျ။ ရွာတွေကို ဖြန့်ကြက်ဝင်ရောက်နေတာ။ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်၊ ပြီးတော့ လေကြောင်းကပါ မကြာခဏ တိုက်ခိုက်နေတာဗျ။ ရွာတွေဝင်တယ်၊ နေအိမ်တွေ မီးရှို့တယ်။”

အဲဒီက နေအိမ်တွေ မီးရှို့ခံရမှု အသေးစိတ် အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ကနီမြို့နယ်က ရွာပေါင်း ၃၁ ရွာကို စစ်ကြောင်းက ဖြန့်ကြက်ထိုးခဲ့တာကြောင့် ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

သမင်ခြံ ရွာခံ အမျိုးသား ၁၀ ဦး စစ်ကြောင်းက ဖမ်းဆီးခံရပြီး ပြန်လွတ်တာမရှိသေးဘူးလို့လည်း မေလ ၁၅ ရက်နေ့မှာ လူမှုကွန်ယက်မှာ ဒေသခံတစ်ဦးက ရေးသားထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် မုံရွာ - ယာကြီး - ကလေးဝလမ်း၊ မုံရွာ - ယင်းမာပင်လမ်း၊ ညောင်ပင်ကြီး - ယင်းမာပင်လမ်းနဲ့ ဖိုလ်ဝင်တောင် - ယင်းမာပင်လမ်း တွေကို အသုံးမပြုဖို့နဲ့ လုံခြုံရေးအရ သတိရှိဖို့ မေလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။