စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ မေလ ၁၉ ရက် ဒီကနေ့အထိ ရက်ပေါင်း ၂၂ ရက်အတွင်း လူ ၅ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီဒေသကို စစ်တပ်က ကြည်းကြောင်းတင်မက လေကြောင်းကပါ ကူပစ် တိုက်ခိုက်နေတဲ့အတွက်ကြောင့် အခုလို အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ကနီဒေသခံ တစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းနဲ့အတူ လေယာဉ်တွေနဲ့ပါ တိုက်ခိုက်ပစ်ခတ်ခဲ့တာဗျ။ လေကြောင်းကနေ ပစ်ခတ်လို့ ၄ ဦးသေတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရတာက ၁ ဦး နဲ့ ဒဏ်ရာရတာ ၈ ဦး အထိ ရှိနေတယ်ဗျ။”
ကနီမြို့နယ်အတွင်းကို ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ကစပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး လက်ရှိအချိန်မှာ စစ်ကြောင်းတွေက ကနီမြို့၊ ရေလည်ကျွန်း ပျူစခန်း၊ ချောင်းမရွာ အနီးပတ်ဝန်းကျင်၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း နဲ့ ချောင်းမ-ကနီလမ်း အနီးဝန်းကျင်တွေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီလို စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာပေါင်း ၂၈ ရွာက ဒေသခံ ၂၄၀၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ဘေးဒုက္ခသည်တွေဟာ တစ်လနီးပါး ကြာလာလို့ စားဝတ်နေရေးအခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
စစ်တပ်ခန့် အစိုးရလက်ထက်မှာ တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက ဒေသတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
