ရွှေဘိုနဲ့ ခင်ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ

အရပ်သား သေဆုံးထိခိုက်မှုတွေအပြင် နေအိမ် ၂၀ ခန့်လည်း ထိခိုက်ပျက်စီးခဲ့။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်တို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်မြို့နယ်ပေါင်းက အရပ်သား ၆ ဦးသေဆုံးပြီး နောက်ထပ် ၈ ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက မေလ ၂၂ ရက်နေ့မှာ ပြောပါတယ်။

မေလ ၂၁ ရက်နေ့ ည ၉ နာရီခန့်မှာ ခင်ဦးမြို့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ ရွာဇင် (ရွာစဉ်) ရွာကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၁ စီး၊ ရွှေဘိုအခြေစိုက် အမှတ် (၈) လေ့ကျင့်ရေးတပ်က လွှတ်တင်လိုက်တဲ့ ဆူဆိုက်ဒရုန်း နှစ်စီးတို့နဲ့ တိုက်ခိုက်တာခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၆၂ နဲ့ ၂၇ နှစ်အရွယ် အမျိုးသမီး ၂ ဦး၊ အသက် ၄၅ နဲ့ ၂၀ နှစ်အရွယ် အမျိုးသား ၂ ဦး စုစုပေါင်း ၄ ဦးသေဆုံးပြီး နောက်ထပ် အရပ်သားတချို့လည်း အပြင်းအထန်ဒဏ်ရာရထားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။ အရပ်သား သေဆုံးထိခိုက်မှုတွေအပြင် နေအိမ် ၂၀ ခန့်လည်း ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

အလားတူ မေလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ရွှေဘိုမြို့ရဲ့ အနောက်တောင်ဘက်က ရွာတွေကို စစ်တပ်က ဂျိုင်ယိုကော်ပရာ နှစ်စီး၊ ဆူဆိုက်ဒရုန်း သုံးစီးနဲ့ လေကြောင်းက တိုက်ခိုက်တာကြောင့် အသက် ၈၀ အရွယ် အဖိုးအိုတစ်ဦးနဲ့ လူငယ်အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသမှာ ကာကွယ်ရေရးတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားတာမရှိဘဲ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာလို့ ရွှေဘိုဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီနေရာက ပြည်သူတွေပဲရှိတာ တော်လှန်ရေးအဖွဲ့အစည်းမရှိဘူး။ ဒီအတိုင်းအလာကြဲတာ သေဆုံးတဲ့ နှစ်ဦးမှာ တစ်ဦးက ပွဲချင်းပြီးသေတယ် နောက်တစ်ဦးက ဆေးရုံရောက်မှ သေသွားတာ”

အခုရက်ပိုင်း ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်းနဲ့ ဘုတလင်မြို့နယ်တွေထဲ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာလဖြစ်တဲ့ ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီလအတွင်းမှာ ခင်ဦးမြို့နယ် မြေနီသျှိုလမ်းဆုံ၊ ဗျူဟာလမ်း၊ ဧရာ၀တီမြစ် ဆိပ်ကမ်းနေရာတွေကို စစ်တပ်က အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် စုစုပေါင်း အရပ်သား ၂၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာလည်း သင်္ကြန်ကာလမှာ ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ကြန်တွင်း ဒုလ္လဘ ဝတ်နေကြတဲ့ ကိုရင်တွေထဲက ကိုရင်ကြီး နှစ်ပါး ပျံလွန်ခဲ့ပြီး နောက်ထပ် ကိုရင် ရှစ်ပါး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ကက စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ် မခွဲခြားဘဲ တိုက်ခိုက်တောကြောင့် ဗုံးခိုကျင်းတွေတူးဖို့၊ လေကြောင်းသတင်းပေး စကားပြောစက်တွေ ကိုင်ဆောင်သတင်းရယူဖို့၊ လေကြောင်းရန်ကာကွယ်ရေး ကြိုတင်လုံခြုံရေးအစီအမံတွေ ပြုလုပ်ကြဖို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဧပြီလ ၃၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလ နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၆၃၃ ဦး သေဆုံးခဲ့ပါတယ်။