ချင်းပြည်နယ်တောင်ပိုင်းကို အကြိမ်ကြိမ်းဗုံးကြဲ၊ အရပ်သားတချို့ သေဆုံး

၁၀ ရက်အတွင်း ကန်ပက်လက်ကို ၁၃ ကြိမ်၊ မင်းတပ်ကို ၁၀ ကြိမ်နဲ့ မတူပီကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူ နှစ်ဦးမှာ မွေးကင်းစတစ်ဦးပါဝင်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေထဲကို စစ်တပ်က လေကြောင်းကနေ ၂၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး လူနေအိမ်နဲ့ ဆိုင်ခန်းတွေအပါအဝင် အစိုးရ အဆောက်အုံအများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU)/ ချင်းပြည်သူ့တပ်မတော် (CPA) က မေလ ၂၃ ရက်န့မှာ ထုတ်ပြန်ပါတယ်။

မေလ ၁၃ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၁၀ ရက်အတွင်း ကန်ပက်လက်မြို့ကို လေကြောင်းကနေ ၁၃ ကြိမ်၊ မင်းတပ်မြို့ကို ၁၀ ကြိမ်နဲ့ မတူပီမြို့ကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူ နှစ်ဦးထဲမှာ မွေးကင်းစကလေးငယ်တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

မေလ ၂၄ ရက်နေ့မှာလည်း ကန်ပက်လက်မြို့နယ်နဲ့ မတူပီမြို့နယ်ထဲကို လေကြောင်းကနေ ၁၄ ကြိမ်ထက်မနည်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ လူစုလူဝေး ရှောင်ရှားဖို့၊ ဗုံးခိုကျင်းတွေ အဆင့်သင်ထားရှိဖို့၊ ထောက်လှမ်းရေး ဒရုန်းတွေ၊ ကင်းထောက်လေယာဉ်တွေနဲ့ လေကြောင်းသတင်းတွေကို အချိန်နဲ့အမျှ နားစွင့်ပြီး သတိပြုနေထိုင်ကြဖို့အတွက် ချင်းပြည်သူ့အစည်းအရုံးက သတိပေးပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မတွေ့ရသေးပါဘူး။

ချင်းပြည်နယ်တောင်ပိုင်းက မြို့ရွာတွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေသလို စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေကလည်း ကန့်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာကြောင့် ကန်ပက်လက်မြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ဒီအပြင် ချင်းပြည်နယ်ဝင်ပေါက် မကွးတိုင်းအစပ် ဆောမြို့နယ်အတွင်း ပေါက် – တပြင်း – ကျောက်ထု ကားလမ်းအတိုင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စစ်ကြောင်းကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေပြီး နေ့စဉ်တိုက်ပွဲပြင်းထန်နေတယ်လို့ ယောတပ်တော် (YA) က မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်ဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတာကြောင့် ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်ရရေး စစ်တပ်ဘက်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာလို့ စစ်ရေးနိုင်ငံရေး သုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်အရ ဆုံးရှုံးထားတဲ့ နယ်မြေတွေပြန်ရယူရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်လုပ်ဆောင်ကြတဲ့ သဘောပါ။ ဒီနေရာတွေက စစ်ရေး၊ နိုင်ငံရေးအရ ဘယ်လောက်အရေးပါလဲ ဆိုရင် ချင်းတောင်နဲ့ ဆက်စပ်နေတဲ့ ရခိုင်ဒေသ အထက်ပိုင်းဟာ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒအရ ကုလားတန် စီမံကိန်းအတွက် အဓိကအရေးပါတဲ့ ဒေသဖြစ်တော့ အိန္ဒိယအစိုးရအတွက်ရော၊ စစ်ကော်မရှင်အတွက်ပါ အလွန်အရေးပါပါတယ်။ ဒါကြောင့် အခုထိုးစစ်က စစ်ကော်မရှင်အပေါ် အိန္ဒိယရဲ့ တရားဝင် အသိအမှတ်ပြုမှုရရေး နိုင်ငံရေးအရ ထောက်ခံမှုရရရေး ကြိုးပမ်းချက်တခု အနေနဲ့လည်း ရှုမြင်ရမှာ ဖြစ်ပါတယ်”

စစ်တပ်ခန့်အစိုးရ တက်လာပြီးနောက် ချင်းပြည်နယ်မြောက်ပိုင်းကမြို့တွေကို လေကြောင်းနဲ့ ကြည်းကြောင်း အင်အားအလုံးအရင်းသုံးပြီး စစ်တပ်က ထိုးစစ်ဆင်ခဲ့တာကြောင့်လည်း ဖလမ်းမြို့ ဧပြီလ ၂၅ ရက်နေ့နဲ့ တွန်းဇံမြို့ကို မေလ ၂၀ ရက်နေ့တို့မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ လက်လွှတ်ခဲ့ရပါတယ်။