မန္တလေးမှာ ဆိုင်ခန်း ၁၇၀ ကျော် စစ်တပ်ခန့်အစိုးရ ဖယ်ရှားလို့ လူရာချီအိုးအိမ်မဲ့ဖြစ်

ဆိုင်တွေဖျက်ပေမယ့် ဘာကြောင့်ဖျက်တယ်ဆိုတာမပြောသလို၊ လျော်ကြေးပေးတာ၊ အစားထိုးတခုခုပြန်လုပ်ပေးတာမျိုးမရှိဘူးလို့ ပြောပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၈၇ လမ်းနဲ့ ၃၉ လမ်းထောင့်က လူနေအိမ်နဲ့ဆိုင်ခန်း ၁၇၂ ခန်းကို စစ်တပ် ခန့်အစိုးရက မေလ ၂၈ ရက်နေ့မှာ အတင်းအဓမ္မ အင်အားသုံးဖယ်ရှားလိုက်တဲ့အတွက် မိသားစုရာနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားပါတယ်။

RC နှစ်ထပ်တိုက်ခန်းတွေရဲ့ ကာလပေါက်ဈေးက အနည်းဆုံး တစ်ခန်းကို ကျပ်သိန်း ၅၀၀၀ ရှိပြီး လုံးချင်းအခန်းပုလေးတွေက တစ်ခန်းကို သိန်း ၁၅၀၀ ဝန်းကျင်ရှိတဲ့အတွက် စုစု​ပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ခြောက်သိန်းခွဲကျော် ရှိခဲ့ပါတယ်။ အဲဒီမှာ ကျောက်ဆိုင်၊ ကျောက်ပွဲရုံ၊ ကျောက်စမ်းသပ်ခန်း စတဲ့ ကျောက်နဲ့ပတ်သက်တဲ့ ဆိုင်ခန်းတွေနဲ့ ထမင်းဆိုင်၊စားသောက်ဆိုင်လေးတွေ ရှိပါတယ်။

အခုတော့ နေ့ချင်းညချင်း အိုးမဲ့အိမ်မဲ့ဘဝပျက်သွားရတယ်လို့ အမည်မဖော်လိုတဲ့ ဆိုင်ခန်းပိုင်ရှင်တစ်ယောက်က RFA ကိုပြောပါတယ်။

“တချို့ဆို အကုန်ငိုရယ်နေကြတာ။ တချို့ဆို မစားနိုင် မသောက်နိုင်နဲ့ အခုအချိန်အထိကို ဒါလေး သွားသွား ကြည့်ကြ။ ဘယ်လိုပြောမလဲ တော်တော့်ကိုဘဝပျက်တဲ့သူတွေလည်းအများကြီးပါတယ်။ ရှိစုမဲ့စုလေး အဲဒီမှာ ဝယ်ထားပြီးတော့ တချို့လည်း အဲဒီမှာဈေးလေးရောင်းကြ ကျောက်လေးရောင်း အဲလိုတွေလုပ်နေကြတာ။ အခုကျ အကုန်လုံးတော်တော့်ကိုဖရိုဖရဲ ဖြစ်သွားကြတာ”

ကျောင်းဖွင့်ချိန်မှာအဖျက်ခံရတဲ့အတွက် ကလေးအတွက်လည်း ပညာရေးကမောက်ကမထပ်ဖြစ်ရပြီလို့ ပြော ပါတယ်။

စစ်တပ်ခန့်အစိုးရက လူတွေကိုမောင်းထုတ်ပြီး ဆိုင်တွေဖျက်ပေမယ့် ဘာကြောင့်ဖျက်တယ်ဆိုတာမပြောသလို၊ လျော်ကြေးပေးတာ၊ အစားထိုးတခုခုပြန်လုပ်ပေးတာမျိုးမရှိဘူးလို့ ဆိုင်ပိုင်ရှင်တစ်ယောက်ကပြောပါတယ်။

“သူတို့ ဘာလုပ်မယ်ဆိုတာလည်း မပါဘူး။ ပြီးတော့ ဘာပြန်ပေးမယ်ဆိုတာလည်း ဘာမှမရှိဘူး။ ဘာဆိုဘာမှ မသိရဘူးဗျာ။ ဖယ်ဆို ဖယ်လိုက်ရတာပဲ။ သူတို့ကြောက်လို့ ဖယ်လိုက်ရတာ ဘယ်သူမှ မဖယ်ချင်ဘူး။ ဝင်သယ် ချင်သလို သယ်နေကြတာ။ ဖျက်ချင်သလိုဝင်ဖျက် အခန်းပိုင်ရှင်မဟုတ်သူတွေကလည်း ဝင်ဖျက်နေကြတာ”

သူ့ဆိုင်အတွက် အငှားစာချုပ်မှာ အာမခံဆောက်လုပ်နေထိုင်ခွင့် ၃၅ နှစ်ပေးထားပြီး အခုဖျက်ရတဲ့အချိန်မှာ ၁၉ နှစ်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ မပြောင်းရွှေ့ရအောင် ဆိုင်ခန်းပိုင်ရှင်တွေက သက်ဆိုင်ရာအာဏာပိုင်တွေကိုငွေပေးခဲ့ရပြီး သူလည်း ၂၄ သိန်း ပေးခဲ့ရတယ်လို့ ပြောပါတယ်။

အခုအဖျက်ခံရတဲ့နေရာဟာ ၁၉၉၀ ခုနှစ် စစ်အစိုးရလက်ထက်မှာ ရွာဟိုင်းမွတ်စလင်သင်္ချိုင်းကိုဖျက်ပြီး မြို့နယ်အားကစားဌာနရဲ့စီမံခန့်ခွဲမှုအောက်ထည့်ခဲ့တဲ့အတွက် ဆိုင်ခန်းတွေဖြစ်လာပြီး ခေတ်အဆက်ဆက် အာဏာရှိသူတွေကရောင်းချခဲ့တာလို့ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်မှာတော့ ခရိုင်အားကစားနဲ့ကာယပညာဦးစီးဌာန၊ တိုင်းအစိုးရအဖွဲ့ရုံးက ဒီဆိုင်ခန်းတွေကို မေလ ၂၇ ရက်နေ့ နောက်ဆုံးထားဖယ်ရှားရမယ်လို့ အမိန့်ထုတ်ပြီး အခုလို အင်အားသုံးဖယ်ရှားတာလို့ ပြောပါတယ်။ ဒီထုတ်ပြန်ချက်မှာ ၁၁၉ ဦးရဲ့ အယူခံကို ဆောက်လုပ်ရေးဝန်ကြီးဌာနအယူခံအဖွဲ့ကပယ်ချလိုက်တယ်လို့ ဖော်ပြ ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ မန္တလေးတိုင်းအစိုးရကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် မရခဲ့ ပါဘူး။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ်ကစလို့ မန္တလေးမြို့မှာ အိမ်တွေ၊ ဆိုင်တွေ အဓမ္မဖျက်သိမ်းခံရတာ အကြိမ်ကြိမ်ရှိခဲ့တယ်လို့ မြို့ခံတစ်ယောက်ကပြောပါတယ်။

“မန္တလေးမြို့မှာ အဲဒါမျိုးဖျက်တာတွေလည်း အများကြီးပဲ။ ဖျက်ရတဲ့အကြောင်းရင်းကတော့ သူတို့လက် ထက်မှာ သူတို့လုပ်ချင်တာ သူတို့လုပ်နေကြတာပဲ။ ဒါပဲ ပြောရမှာတော့မှာပဲ။ ဘာဥပဒေမှ မရှိဘူး”