ဝက်လက်မှာ ရွာ နှစ်ရွာ မီးရှို့ခံရ၊ နေအိမ် ရာနဲ့ချီပျက်စီး

ဒေသခံ ငါးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အတွက် လူမရှိတော့တဲ့ ရွာတွေထဲက နေအိမ်တွေကို မီးရှို့နေ။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဧရာ၀တီမြစ်ဘေးက ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ဇွန်လ ၈ ရက်နေ့မှာ ရေကမိုးရွာနဲ့ ထုံးဘိုကုန်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနှစ်စကတည်းက ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကြောင်းဝင်ရောက်နေတာကြောင့် ထုံးဘိုကုန်း၊ ရှားကွဲ၊ ရေကမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့်ကြီး၊ ကူကြီးနဲ့ ငါးပန်ချောင်း စတဲ့ ရွာတွေက ဒေသခံ ငါးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အတွက် လူမရှိတော့တဲ့ ရွာတွေထဲက နေအိမ်တွေကို မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အခုမီးရှို့ခံရတဲ့ ရေကမိုးရွာမှာ အိမ်ခြေ ၅၀ ကျော်နဲ့ ထုံးဘိုရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးနိုင်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ စစ်ကြောင်းထိုင်ထားတဲ့နေရာ ပတ်ချာလည်က ရွာတွေကို မီးရှို့တာပေါ့။ စစ်ကြောင်းရှိနေတော့ သွားကြည့်လို့မရသေးဘူး။ ရွာလုံးကျွတ်နီးပါး လောင်နိုင်တယ်လို့ ခန့်မှန်းတယ်။ သူတို့ ရှို့တာက တစ်အိမ်တည်းမဟုတ်ဘူး အကုန်ရှို့တာ။ ငြှိမ်းမယ့်သူလည်းမရှိဘူး။ သူတို့ပဲ ထိုင်ထားတော့ အကုန်လောင်နိုင်တယ်။ ရေကမိုးဆိုရင် ရွာတောင်ပိုင်းမှာ အိမ်ခြေတွေက ပြွတ်နေတာ”

ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့မှာ အခြေစိုက်ထားတဲ့ ခမရ-၁၂ ကနေ မိုင် ၂၀ ခန့်ဝေးတဲ့ ဝက်လက်မြို့နယ် ဧရာ၀တီမြစ်ဘေးတစ်လျှောက်က ရွာတွေကို ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိမှာ တိမ်းရှောင်နေရတဲ့ ရွာတွေထဲက ရှားကွဲရွာမှာ စစ်တပ်က တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကာလရှည်ကြာ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စစ်ဘေးရှောင်ငါးထောင်ကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အရပ်သားနေအိမ် ၁၂၅,၀၀၀ ကျော် (၁၂၅,၃၂၈ လုံး ) မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ဧပြီလ ၂ နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်းတိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ ၃ ဒသမ ၆ သန်းကျော်အထိ ရှိလာပါတယ်။