မြန်မာမှာ အားလုံးပါပြီးတည်တံ့တဲ့ငြိမ်းချမ်းရေးရဖို့ အင်ဒိုနီးရှား အတည်ပြုပြော

ပဋိက္ခတွေ အေးအေးချမ်းချမ်းအဖြေရှာဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်‌ဖော်ဖို့ မလုပ်မဖြစ် အရေးကြီးဟုဆို။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဥ်တစ်ခု ပေါ်ပေါက်လာဖို့ သန္နိဌာန်ချထားတယ်လို့ နေပြည်တော်ကို အလည်အပတ်ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနို (Sugiono) က ဇွန်လ ၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဥ် အခုလို ပြောလိုက်တာဖြစ်ပြီး မြန်မာပြည်မှာ ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးတွေနဲ့ပတ်သက်လို့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယာတို(Prabowo Subianto)က အထူးသတင်းစကားကိုလည်း ထပ်ဆင့်ပြောကြားတယ်လို့ အင်ဒိုနီးရှားအစိုးရရဲ့ အင်တာရာသတင်းဌာနက ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးအရ ပါသင့်ပါထိုက်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာအောင် ကူညီပံ့ပိုးပေးဖို့ အသင့်ရှိတယ်လို့လည်း အင်ဒိုနီးရှား သမ္မတက ပြောကြားတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံရာမှာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖြစ်စဥ် အလုံးစုံကို မြန်မာတွေကပဲ ဦးဆောင်ဖြေရှင်းရမှာ ဖြစ်တယ်ဆိုတဲ့အချက်ကို အင်ဒိုနီးရှားနိုင်ငံက ခိုင်ခိုင်မာမာယုံကြည်တဲ့အကြောင်းလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပြောခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ပဋိက္ခတွေ အေးအေးချမ်းချမ်းအဖြေရှာဖို့ဆိုရင် အာဆီယအဖွဲ့ကြီးက ချမှတ်ထားတဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်‌ဖော်ဖို့ မလုပ်မဖြစ် အရေးကြီးတဲ့ အကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနိုဟာ စစ်တပ်ခန့်သမ္မတအပြင် စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။