မလှိုင်မြို့နယ်ထဲက ရွာ ၄ ရွာ မီးရှို့ခံရ

ဒေသခံတွေပြောပြချက်အရ လယ်ဗျားရွာ၊ မိတ်ကုန်းရွာ၊ တောင်ရိုးတဲရွာနဲ့ ကျောက်တန်းရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာဟုဆို။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ကျေးရွာ ၄ ရွာကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် အိမ် ၄၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်တွေထဲက အဖိုးတန် ပစ္စည်းတွေလည်း ယူဆောင်ခံရတယ်လို့ ဩဂုတ်လ ၂၀ ရက်နေ့မှာ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ လယ်ဗျားရွာ၊ မိတ်ကုန်းရွာ၊ တောင်ရိုးတဲရွာနဲ့ ကျောက်တန်းရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့မှာ စစ်တပ်စစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ကျောက်တန်းရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီနေ့ မနက်ပိုင်း ကျောက်တန်းရွာထဲ စဝင်လာပြီး တောင်ပိုင်းရပ်ကွက်တွေကနေ မီးစရှို့ပါတယ်။ အိမ်ခြေ ၂၀ ဝန်းကျင် ပါသွားတယ်။ လမ်းဘေးအိမ်ကြီးအိမ်ကောင်းတွေ ဝင်၊ သော့တွေရိုက်ချိုး၊ အိမ်ထဲရှိသမျှ အကုန်သယ်တယ်။ ကားတွေပေါ်တင်ယူသွားတယ်ရှင့်”

ကျောက်ပန်းတောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့ အင်အား ၄၀၀ ခန့် ရှိတဲ့ စစ်ကြောင်းဟာ တောင်သာမြို့နယ်၊ စွန်းလွန်းရွာကို မီးရှို့ခဲ့ပြီးနောက် ဩဂုတ်လ ၁၇ ရက်နေ့မှာ မလှိုင်မြို့နယ်ထဲကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းတစ်လျှောက်က ရွာအများစုလည်း မီးရှို့ခံရသလို တိုက်ပွဲတွေလည်း ဖြစ်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျောက်ပန်းတောင်းမြို့နယ်ရယ်၊ တောင်သာမြို့နယ်ရယ်၊ မလှိုင်မြို့နယ် သုံးပွင့်ဆိုင် အဆုံနေရာက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာဗျ။ အဲ့ကနေ မလှိုင်မြို့နယ် စွန်းလွန်းရွာဘက်ကနေ စဝင်တာ။ အဲ့ကို စဝင်တော့ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ဖြစ်သေးတယ်ဗျ”

ကျောက်ပန်းတောင်းမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးခဲ့တာကြောင့်လည်း နေအိမ် ၁၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေလည်း လုယက်ယူဆောင်ခံရတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကစပြီး ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဘက်က လာတဲ့ စစ်ကြောင်းဟာ ကျောက်ပန်းတောင်း၊ တောင်သာနဲ့ မလှိုင် စတဲ့ သုံးမြို့နယ် အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။