၂၀၂၆ ဇွန်လအကုန်အထိ မြန်မာနိုင်ငံက ပြည်တွင်းစစ်မှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေ ရတဲ့ ပြည်တွင်း စစ်ဘေး ဒုက္ခသည် အရေအတွက်ဟာ လေးသန်းနီးပါးရှိလာခဲ့တယ်လို့ ကုလသမဂ္ဂကလေးသူငယ်များ ရံပုံငွေအဖွဲ့ (UNICEF) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ နှစ်လယ်အစီအရင်ခံစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။
ဇွန်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံက လူပေါင်း ၃.၇၉ သန်း (၃,၇၉၃,၈၀၀) ဟာ ပြည်တွင်း စစ်ဘေး ဒုက္ခသည်အဖြစ်နဲ့ ကိုယ့်နေအိမ်ကို စွန့်ပြီး ထွက်ပြေးနေကြရပြီး ၂၀၂၅ ဒီဇင်ဘာလကုန်ကထက် တစ်သိန်း ငါးသောင်း ကျော် (၁၅၄,၄၀၀) တိုးလာခဲ့တယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အချက်အလက်တွေကို ကိုးကားပြီး စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ ဒီအစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
UNHCR ရဲ့ မြန်မာအချက်အလက်စုဆောင်းမှုစာမျက်နှာမှာ ထုတ်ပြန်ထားချက်အရ အခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ကအထိ စစ်မက်တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာ လူဦးရေ ၁.၃ သန်းကျော် (၁,၃၄၆,၁၀၀)ဟာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ အိုးအိမ်စွန့်ထွက်ပြေးနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် လူ ၄ သန်း ၃ သောင်းကျော် (၄,၀၃၁,၀၀၀) ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကလေးသူငယ် ၅ သန်းနီးပါး အပါအဝင် လူပေါင်း ၁၆ သန်းကျော် (၁၆.၂ သန်း) လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ယူနီဆက်အစီအရင်ခံစာက ဆိုပါတယ်။
ဒီအထဲက ကလေးသူငယ် ၃.၄ သန်း (သုံးဆယ့်လေးသိန်း) ဟာ အရေးပေါ် ပညာရေးအကူအညီတွေ လိုအပ်နေတယ်ပြီး မြေမြုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အဖြစ်အပျက်ဟာ ၂၀၂၆ ပထမ နှစ်ဝက်မှာ အကြိမ် ၃၂၇ ကြိမ်ရှိခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေနဲ့ လုံခြုံရေးအန္တရာယ်တွေကြောင့် လူဦးရေ ၁၆ ဒသမ ၂ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဇူလိုင်လ ၁၃ နေ့က ထုတ်ပြန်ထားပါတယ်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းအပြီး မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ဘေးတွေကြောင့် ပထမတစ်နှစ်ခွဲမှာ အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူ လူ ရှစ်သိန်းခြောက်သောင်းကျော်သာ ရှိခဲ့ပါတယ်။
အာဏာသိမ်းအပြီး ငါးနှစ်ခွဲကျော် ၂၀၂၆ မှာ လူ ၄ သန်းကျော်(လူဦးရေ သိန်း ၄၀ ကျော်) ပိုတိုးလာတာ ဖြစ်ပါတယ်။
