ဆောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက် ထပ်တိုးလာနိုင်။

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ငှက်ချောင်းရွာကို စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဆောမြို့နယ်မြောက်ပိုင်းကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီထဲက တစ်ကြိမ်မှာ ငှက်ချောင်းရွာကို ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ငှက်ချောင်းရွာထဲကိုပဲ ပစ်တယ်။ ကျွန်တော် လောလောဆယ် သိရသလောက်တော့ ကျေးရွာရုံးကို ပစ်တာ၊ ရုံးကို မထိဘဲ အိမ်တွေထိတယ်။ အခုကတော့ ကယ်ဆယ်ရေးတွေ လုပ်ကြတုန်း ပျောက်သွားတဲ့ လူတွေလည်း ရှိလို့ စိစစ်နေတုန်း အခြေအနေပေါ့ဗျာ”

သေဆုံးသူတွေဟာ ဒုက္ခသည်တွေဖြစ်ကြတဲ့ အသက် ၅၀ ဝန်းကျင် ဒေါ်သီတာဝင်းနဲ့ အသက် ၂၀ ဝန်းကျင် မချောစုခင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။

ဒေသခံတွေ ပြောပြချက်အရ ငှက်ချောင်းရွာမှာ စစ်ဘေးဒုက္ခသည် ၆၀၀ နီးပါးခိုလှုံနေပြီး ဘုန်းကြီးကျောင်း၊ ဇရပ်၊ စာသင်ကျောင်းတွေနဲ့ ရွာထဲက နီးစပ်ရာနေအိမ်တွေမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဆော-လောင်းရှည် လမ်းပိုင်းမှာ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်နေပြီး အနီးအနားရွာ ၁၀ ရွာခန့်က ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်နဲ့ ချင်းပြည်နယ်အစပ် ကျောက်ထုမြို့အနီးတစ်ဝိုက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာလည်း မကွေးတိုင်း ထီးလင်း၊ ဆောမြို့နယ်နဲ့ ချင်းပြည်နယ်အစပ်တွေမှာ စစ်တပ်နဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရွာပေါင်း ၃၀ ဝန်းကျင်က အရပ်သား သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။