မြို့ ၁၆ မြို့က ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးခွင့် ကန့်သတ်ခံရ

မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ မြဝတီ အပါအဝင် မြို့ ၁၆ မြို့က နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးတာ ရပ်ဆိုင်းထား။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မော်လမြိုင် လေးမြို့ကလွဲပြီး ကျန်မြို့ ၁၆ မြို့မှာ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို ဘန်ကောက်မြို့ မြန်မာသံရုံးက သက်တမ်းတိုးပေးတာ ရပ်ဆိုင်းထားတယ်လို့ အကျိုးဆောင်တွေက RFA ကို ပြောပါတယ်။

ဒီအကြောင်းကို သံရုံးက သူတို့ဆီ နှုတ်နဲ့ အသိပေးခဲ့တာလို့ ဘန်ကောက်မြို့မှာ နိုင်ငံကူးလက်မှတ်ကိစ္စ ဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

“ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မော်လမြိုင်မြို့ လေးမြို့ကလွဲပြီး ကျန်တဲ့မြို့မှာလုပ်ထားတဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာတွေ ၂၈ ရက်နေ့ကတည်းက ရပ်နားထားတာ။ လတ်တလော နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ QR စနစ်ယူတာတောင် လာမဲ့ ၂ လပိုင်းအထိပဲ ပေးတယ်”

မြန်မာနိုင်ငံတစ်ဝန်း နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးခွဲပေါင်း ၂၀ ရှိပေမဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မော်လမြိုင်မြို့တွေမှာ ထုတ်ယူထားတဲ့ နိုင်ငံကူးလက်မှတ်တွေကိုပဲ ဘန်ကောက်မြို့ မြန်မာသံရုံးက သက်တမ်းတိုးပေးတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ မြဝတီ၊ ဟားခါး၊ မုံရွာ၊ ထားဝယ်၊ ကော့သောင်း၊ ပဲခူး၊ မကွေး၊ စစ်တွေ၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ ပုသိမ်မြို့တွေက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေကနေ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးပေးတာ ရပ်လိုက်တာဖြစ်ပါတယ်။

အဲဒီမြို့တွေက ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေဟာ သက်တမ်းတိုးဖို့ မြန်မာနိုင်ငံကို ပြန်ရနိုင်တယ်လို့လည်း အကျိုးဆောင်တွေက ပြောပါတယ်။

ဘာကြောင့်အခုလို ကန့်သတ်ရသလဲဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးဘက်က တရားဝင် သတင်းထုတ် ပြန်တာမရှိသေးသလို RFA က သံရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

ဒါ့အပြင် ဘန်ကောက်မြို့ မြန်မာသံရုံးက အလည်အပတ် နိုင်ငံကူးလက်မှတ်(PV) သက်တမ်းတိုးတာနဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲတာတွေကို ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နေပြည်တော်က စစ်ဆေးခွင့်ပြုချက်ယူပြီးမှ ထုတ်ပေးနေတာဖြစ်တယ်လို့လည်း အကျိုးဆောင်တွေက ပြောပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ရဲ့ ၂၀၂၅ ခုနှစ် မေလထုတ် အချက်အလက်အရ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၄.၁ သန်းခန့် နေထိုင်ပြီး အဲဒီအထဲက ၂ သန်းကျော်ကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။