အဲဒီအစီရင်ခံစာထဲမှာ စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုချင်တဲ့အတွက် အမျိုးသားညီလာခံကို ခေါ်ယူပြီး သူတို့ စိတ်ကြိုက်ဖြစ်မဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ကြောင်း ၊ ၂၀၀၈ ခုနှစ်မှာ အတည်ပြုလိုက်တဲ့ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုလည်း နည်းမျိုးစုံသုံးပြီး မသမာမှု လုပ်ခဲ့ကြောင်း၊ ဒီရွေးကောက်ပွဲက ထွက်ပေါ်လာမဲ့ လွှတ်တော်တွေဟာလည်း ပြည်သူလူထုအကျိုးကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ မယုံကြည်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။
“အရပ်ဝတ်စစ်အစိုးရ အသွင်ပြောင်းရေးပြုလုပ်သည့် မသမာသော ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်ချက်” လို့ ခေါင်းစဉ်တပ်ထားတဲ့ သုံးသပ်တင်ပြချက် စာတမ်းထုတ်ပြန်ရာမှာ ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သူ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ပြည်တွင်း ရဲ့ ပြောခွင့်ရဆရာတော် အရှင်ဓမ္မသီရိက မိန့်ပါတယ်။
အရင်ကဆိုရင် ပြည်တွင်းလျှို့ဝှက်လှုပ်ရှားနေကြတဲ့ ကျောင်းသား၊ သံဃာအဖွဲ့အစည်း၃ ဖွဲ့သာ စုပေါင်း လုပ်ဆောင်နေရာက အခုလို အဖွဲ့ ၁၀ ဖွဲ့ ပေါင်းပြီး စုပေါင်း လုပ်ဆောင်လာတာဟာ ဒီမိုကရေစီ ကွန်ရက်ကြီးတခု ဖြစ်အောင် ဦးတည် လုပ်ဆောင် နေတာပါလို့ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များ အဖွဲ့က ကိုရန်နိုင်က ပြောပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်ချက်စာတမ်းမှာ အချက်၆ ချက်ကို အကြံပြု တင်ပြထားပြီး တခုတည်းသော နိုင်ငံရေး စုစည်းမှုနဲ့ အဖြစ်နိုင်ဆုံး တူညီရာ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားနိုင်အောင် နိုင်ငံရေးအင်အားစုတွေ စုစည်းကြဖို့ကိုလည်း တိုက်တွန်းထားပါတယ် ။
ရွေးကောက်ပွဲ တလပြည့်တဲ့ ဒီကနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ပြောခွင့်ရသူ ကိုထွန်းမြင့်အောင်ကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ် ။
တချိန်တည်းမှာလည်း မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့တဲ့ ဒီကနေ့ တလတင်းတင်း ပြည့်ခဲ့ ပေမဲ့ ရွေးကောက်ပွဲအတွင်း အငြင်းပွားဆဲ မဲမသမာမှုတွေ ရှိနေဆဲလို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။
ဒီလို အငြင်းပွားမှုတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့် စစ်ဆေးနေဆဲဖြစ်သလို တဖက်မှာလည်း တရားဝင် ရွေးကောက်ပွဲရလဒ်ကို ဥပဒေကြောင်းအရရော၊ နိုင်ငံရေးနည်းလမ်းတွေ အရပါ ဖော်ထုတ်ဖို့ ပါတီတချို့က ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ RFA မှ ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။
