ဖြတ်လေးဖြတ်စီမံချက် ပြန်စဖို့ စစ်အစိုးရ လေးလပတ်အစည်းအဝေး ဆုံးဖြတ်

စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ အဖွဲ့အစည်းတွေကို မဆလ အစိုးရလက်ထက်က ဖြတ်လေးဖြတ် သောင်းကျန်းသူစစ်ဆင်ရေး စီမံချက်အတိုင်း ချေမှုန်းဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြုလုပ်တဲ့ စစ်အစိုးရ လေးလပတ် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း တိုင်းရင်းသား အဖွဲ့အစည်းတွေဆီက သတင်းတွေအရ သိရပါတယ်။

0:00 / 0:00

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မဆလ အစိုးရလက်ထက်က ဗမာပြည် ကွန်မြူနစ်ပါတီကို တိုက်ခိုက်ဖို့အတွက် ဖြတ်လေးဖြတ်စီမံကိန်းလို့ နာမည်ကြီးခဲ့တဲ့ ရိက္ခာ၊ ဘဏ္ဍာငွေ၊ သတင်းနဲ့ တပ်ဖွဲ့သစ် မဖွဲ့နိုင်အောင် ဖြတ်တောက်မှု ၄ ခုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ စစ်အစိုးရဟာ အဖွဲ့ တဖွဲ့ချင်းစီနဲ့ ရင်ဆိုင်နေရတာမဟုတ်ဘဲ ဆန့်ကျင်ဘက် တိုင်းရင်းသား အဖွဲ့အစည်း အများအပြားနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ဖြတ် ၄ ဖြတ် ပုံစံမျိုးထက် ဖြတ် ၅ ဖြတ်ပုံစံမျိုး စီမံချက်ချထားတာ ဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့ ၁၅ ဖွဲ့ တပ်ပေါင်းစုက တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

"နောက်ထပ်တဖြတ် တိုးလာတာပေ့ါ။ တဖွဲ့နဲ့တဖွဲ့ ကြားမှာရှိနေတဲ့ communication ကိုပါ ဖြတ်ပေါ့"

စစ်အစိုးရ အဆိုပြုထားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို လက်မခံတဲ့ အဖွဲ့အစည်းတွေကို ပြီးခဲ့တဲ့ ၂ဝ၁ဝ နှစ်ကုန်ပိုင်းကစပြီး ပြည်မက တင်သွင်းတဲ့ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းအောင် ပြုလုပ်ထားတာ ဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။

စစ်ရေးသုံးသပ်သူတွေ အဆိုအရ ခုလို ဖြတ်လေးဖြတ် စီမံကိန်းကို ဆောင်ရွက်စဉ် ထိုးစစ်ပါ ဆက်တိုက် ဆင်နွဲရမှာဖြစ်ပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် စစ်အစိုးရအနေနဲ့ ထိုးစစ်ဆင်နွဲနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့ ဖယ်ဒရယ်ကောင်စီ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဦးနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားသလို စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်။

ဦးအောင်ကျော်ဇော။

အသံဖိုင်ယူရန်။