"ဝ" နဲ့ မိုင်းလားအဖွဲ့ NCA ကို မဆန့်ကျင် လိုအပ်တာကို အစိုးရနဲ့ ဆက်ဆွေးနွေးမည်

"ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ မိုင်းလားအဖွဲ့တို့ဟာ NCA တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ဆန့်ကျင်မှုမရှိဘဲ မပြည့်စုံတဲ့အချက်တွေကို ပြင်ဆင်နိုင်ဖို့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ မိုင်းလားအဖွဲ့ ပြောခွင့်ရ ဦးကြည့်မြင့်က ဒီနေ့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် UWSA "ဝ" နဲ့ NDAA မိုင်းလားအဖွဲ့တို့ဟာ NCA ကို ဆန့်ကျင်တာမျိုးမရှိဘူးလို့ ဦးကြည်မြင့် က ပြောပါတယ်။

"NCA က ကျနော်တို့နဲ့ မဆန့်ကျင်ပါဘူး၊ အဲဒါတော့ ကျနော်တို့ ပြောထားတယ်။ နောက်တစ်ခုက ကျနော်တို့က ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာဆိုလို့ရှိရင် အရင်က အပစ်အခတ်ရပ်စဲရေးနဲ့ ထားထားတာနဲ့ ငြိမ်းချမ်းရေးစာချုပ်နဲ့ သုံးခုချုပ်ထားတယ်၊ အဲဒီအခါမှာ NCA ပေါ်လာတဲ့အချိန်မှာ ကျနော်တို့ချုပ်ထားတဲ့ ငြိမ်းချမ်းရေးစာချုပ်က မပြည့်စုံဘူးဆိုတော့ NCA ထဲမှာပါဖို့ လာဖိတ်ခေါ်တယ်၊ သူတို့က အဲလိုလာတာ အဲဒါနဲ့ ကျနော်တို့ဆွေးနွေးနေတာပါ ၊ NCA ဆန့်ကျင်တာတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ မပြည့်စုံတဲ့နေရာ ဆွေးနွေးမယ် ဆိုတော့ ဆွေးနွေးမှာပါ။"

UWSA လားရှိုးရုံးဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက အဲဒီ NCA ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ အတည်မပြုနိုင် သေးကြောင်း၊ NCA စာချုပ်ကို ဆန့်ကျင်တာမျိုးမဟုတ်ဘဲ NCA မှာပါဝင်တဲ့ မူတချို့၊ အချက်အလက်ချို့ကို ပြင်ဆင် ဖို့လိုကြောင်း ပြောပါတယ်။

UWSA "ဝ" အဖွဲ့ခေါင်းဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC ဟာ NCA စာချုပ်ကို လက်မခံဘဲ တခြားနိုင်ငံရေး ဆွေးနွေးပွဲလမ်းကြောင်းကသွားမယ်လို့ ထုတ်ပြန် ကြေညာထားတာဖြစ်ပါတယ်။ FPNCC မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ တအာင်းပလောင်အဖွဲ့ TNLA၊ ကိုးကန့်အဖွဲ့ MNDAA ၊ ရှမ်းပြည် တပ်မတော် SSPP/SSA စတဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ပါဝင်ပါတယ်။

"ဝ" ၊ မိုင်းလားအဖွဲ့တို့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့အကြား အမြဲ ထိတွေ့ဆက်ဆံမှု ရှိနေသလို တရုတ်နိုင်ငံ ကလည်း နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို NCA စာချုပ်မှာ လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးဖြစ်စဉ် မှာ ပါဝင်ဖို့ တိုက်တွန်းမှုတွေ ရှိတယ်လို့ ဦးညီရမ်းက ပြောပါတယ်။

NCA စာချုပ်ကို "ဝ" နဲ့ မိုင်းလားအဖွဲ့တို့ လက်ခံလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်လောက်က "ဝ" ၊ မိုင်းလားအဖွဲ့တို့ဟာ အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးနဲ့ နှစ်ဖက်ငြိမ်းချမ်းရေးစာချုပ် သုံးခုကို လက်မှတ်ထိုးထားခဲ့တဲ့ အဖွဲ့တွေဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် နဲ့ UWSA "၀ " အဖွဲ့က ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး သီးသန့်ဆွေးနွေးခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တအာင်းပလောင်အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က "ဝ" နဲ့ မိုင်းလားအဖွဲ့တို့ NCA စာချုပ်ကို လက်ခံတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သိရှိထားတာမရှိဘူးလို့ ပြောပါတယ်။