ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လာမယ့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး ကျောက်စိမ်းကုမ္ပဏီတွေရဲ့ မြေစာစွန့်ပစ်တဲ့ကားတွေကို ဖြတ်သန်းခွင့်မပေးဘဲ ဒေသခံတွေက လမ်းပိတ်ထားဖို့အတွက် လုံးခင်းမြို့မှာ ဒီနေ့ ပြုလုပ်တဲ့ လူထုအစည်းအဝေးကနေ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
မြေစာပုံတွေ မကြာခဏပြိုကျနေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေ လာရောက်ဆွေးနွေးညှိနှိုင်းတဲ့အထိ လမ်းတွေကို ပိတ်ဆို့သွားမှာဖြစ်တယ်လို့ လုံးခင်းမြို့ခံ ဦးနောလောက ပြောပါတယ်။
"ပြည်သူလူထု လိုချင်တာကတော့ လုံခင်းအထက်မှာ ပုံထားတဲ့မြေစာပုံက အမြင့်ကြီးဖြစ်နေတယ်၊ အက်လည်း အက်နေပြီ၊ ဒီမိုးတွင်းမှာ အဲ့မြေစာပုံကြောင့် မြစ်ချောင်းဘေးမှာနေတဲ့ ပြည်သူလူထုတွေ အကုန်လုံး ဒုက္ခရောက်နိုင်တယ်လေ၊ ပြည်သူလူထု လိုချင်တဲ့အတိုင်း ကုမ္ပဏီက တာဝန်ယူဆောက်ရွက်ပေးဖို့ အရေးကြီးပါတယ်"
လုံးခင်းမြို့က လူထုအစည်းအဝေးမှာ ဖားကန့်နဲ့ ဆိုင်းတောင်ကျေးရွာက ဒေသခံ ၃၀၀ လောက် တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
စွန့်ပစ်မြေစာသယ်တဲ့ကားတွေကို ကျေးရွာလမ်းတွေမှာ ဖြတ်သန်းသွားလာခွင့်မပြုဖု့ိ ကျေးရွာအသီးသီးကို မနက်ဖြန်ကစပြီး လိုက်လံနှိုးဆော်မှာဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီပေါင်း ၈၀၀ ကျော်ကို ဧက ၂သောင်းကျော်မှာ လုပ်ပိုင်ခွင့်ချထားပေးတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြည်ထောင်စုလွှတ်တော်မှာ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်က ပြောခဲ့ပါတယ်။
