လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နေထိုင်ပြောဆိုပြုမူပုံတွေနဲ့ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။
ကရင်ပြည်နယ် လွှတ်တော်ရုံးမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ဝ ကျော်နဲ့ တွေ့ဆုံစဉ်မှာ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောခဲ့တာဖြစ်တယ်လို့ ကော့ကရိတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းကိုခိုင်က ပြောပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အရည်အချင်းရယ်၊ နောက်ပြီးတော့ ကျင့်ဝတ်သိက္ခာရယ်၊ နောက် ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ရဲ့ပြုမှု၊ ပြောဆို၊ နေထိုင်တာတွေရယ်၊ အလေ့အကျင့်တွေ ရယ်ကိုပြောသွားတာ၊ မေးခွန်းမေးတဲ့အခါမှာဘယ်လိုမေးရမယ်၊ ဒါကျနော်တို့ လွှတ်တော်ရဲ့မူဝါဒတွေ ကိုချပြသွားတာပေါ့၊ မူဝါဒတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ၊ လွှတ်တော်အခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိ၊ မရှိ၊ အခြေ အနေ၊ အချိန်အခါနဲ့ ကိုက်ညီမှုရှိ၊ မရှိ၊ ဒါလေးတွေပြောသွားတာပါ"
အခြေအနေ၊ အချိန်အခါနဲ့ ကိုက်ညီမှုရှိတဲ့ မေးခွန်းတွေ အဆိုတွေ၊ ပြည်သူတွေအတွက် အကျိုးရှိမယ့် မေးခွန်းတွေ အဆိုတွေကို မေးမြန်းကြဖို့လည်း ဦးဝင်းမြင့် က တိုက်တွန်းခဲ့ပါတယ်။
ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ဒေသဖံ့ွဖြိုးရေးအတွက် လျှပ်စစ်နဲ့ ပညာရေးကဏ္ဍတွေမှာ အကူအညီပေးနိုင်ဖို့အတွက် ဘဏ္ဍာငွေထောက်ပံ့ပေးဖို့ တင်ပြခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ဟာ မနေ့က မွန်ပြည်နယ် အစိုးရအဖွဲ့၊ မွန်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
