မြန်မာစစ်တပ်နဲ့ မြန်မာစစ်တပ်ခန့် အစိုးရသစ်အတွက် အမေရိကန်ပြည်ထောင်စုနဲ့ သံတမန် ဆက်ဆံ ရေး ပြန်တည်ဆောက်နိုင်ဖို့ နိုင်ငံရေးအကြံပေးအဖြစ် တစ်လ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နဲ့ လော်ဘီ အလုပ် လက်ခံခဲ့သူ အမေရိကန်ရှေးရိုးစွဲဝါဒီနဲ့ သမ္မတထရန့်ရဲ့ မဟာမိတ်ဖြစ်သူ ရော်ဂျာစတုန်း(Roger Stone)ကို မြန်မာ့အရေးလှုပ်ရှားသူတွေက မေလ ၅ ရက်နေ့က ဝေဖန်ရှုတ်ချလိုက်ပါတယ်။
နိုင်ငံခြားအစိုးရကိုယ်စားလှယ်မှတ်ပုံတင်ရေးဥပဒေအရ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်တဲ့ စာရင်းမှာ မစ္စတာစတုန်းဟာ အမေရိကန်နိုင်ငံရေးလော်ဘီအုပ်စုဖြစ်တဲ့ DCI Group ကတစ်ဆင့် စစ်တပ်ခန့် မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးနဲ့ ပြည်သူ့ရေးရာ အကြံပေးအဖြစ် မှတ်ပုံတင်ဖော်ပြခဲ့ပါတယ်။
မစ္စတာစတုန်းနဲ့ DCI ဟာ အမေရိကန်နဲ့နိုင်ငံတကာအစိုးရအများအပြားက ပိတ်ဆို့အရေးယူခံထားတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ တာဝန်ခံမှုမရှိ ကျူးလွန်နေတဲ့ စစ်အစိုးရဆီကနေ အကျိုးအမြတ်ရယူနေကြောင်း မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Justice for Myanmar အဖွဲ့က ဝေဖန်လိုက်ပါတယ်။
“အမေရိကန်က ပိတ်ဆို့အရေးယူထားတဲ့ တိုင်းပြည်တစ်ခုက သယံဇာတတွေကို ကိုယ်ကျိုး စီးပွားအတွက် သုံးစွဲပြီး စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆေးရုံတွေကို နေ့စဥ် တိုက်ခိုက်နေတဲ့ နိုင်ငံတကာရာဇဝတ်ကောင်တွေနဲ့ ရော်ဂျာစတုန်းဟာ စာချုပ်ချုပ် လက်တွဲလိုက်တာ ဖြစ်ပါတယ်။”
မြန်မာစစ်တပ်အကြီးအကဲတွေနဲ့ စစ်အစိုးရခေါင်းဆောင်တွေဟာ ခေတ်အဆက်ဆက် အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ ပြစ်ဒဏ်ခံ အရေးယူခံထားရသလို လက်ရှိမှာလည်း ၂၀၂၁ စစ်အာဏာသိမ်းအပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ထောင်သွင်းအကျဥ်းချတာ၊ စစ်အာဏာသိမ်း ဆန့်ကျင်သူတွေကို ဖမ်းဆီးနှိမ်နင်းတာတွေ လုပ်တဲ့အတွက် စီးပွားရေးနဲ့ သံတမန်ရေးအရ ပိတ်ဆို့အရေးယူခံ ထားရပါတယ်။
မစ္စတာစတုန်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့ လက်တွဲလိုက်တာဟာ ၂၀၂၆ ဧပြီ စစ်အာဏာသိမ်း ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တင်မြောက်ခံရအပြီးဖြစ်တယ်လို့လည်း Justice for Myanmar က ပြောပါတယ်။
သမ္မတဒေါ်နယ်ထရန့်ကို ထောက်ခံသူနဲ့ အနီးကပ်မဟာမိတ်တစ်ဦးဖြစ်ခဲ့သူ နိုင်ငံရေးရှေးရိုးစွဲဝါဒီ တစ်ဦးဖြစ်တဲ့ မစ္စတာစတုန်း ဟာ ၂၀၂၀ ပြည့်နှစ်မှာ ရုရှားသတင်းပေးစွဲချက်အပေါ် လွှတ်တော်ကြားနာ စစ်ဆေးရာမှာ ကြန့်ကြာအောင် လုပ်ခဲ့တဲ့အတွက် ထောင်ဒဏ် လ ၄၀ ချမှတ်ခံခဲ့ရပါတယ်။ ၆ လ အကြာမှာ သမ္မတလွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်ခဲ့ပါတယ်။
