အာဆီယံနိုင်ငံတွေထဲ သတင်းလွတ်လပ်ခွင့် မြန်မာ ဒုတိယအနိမ့်ဆုံးရောက်

မြန်မာနဲ့ ဗီယက်နမ်ဟာ တရုတ်ပြည်နည်းတူ သတင်းအချက်အလက် ကန့်သတ်ပိတ်ပင် တာကို ပေါ်ပေါ်တင်တင်လုပ်နေဟုဆို။

ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ၂၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ထိုးကျနေပြီး မြန်မာနိုင်ငံဟာ အာဆီယံ ၁၁ နိုင်ငံမှာ ကွန်မြူနစ် ဗီယက်နမ်ပြီးရင် အဆိုးဝါးဆုံးအဆင့်မှာရှိပြီး ကမ္ဘာ့အဆင့်မှာ အဆင့် ၁၆၆ နဲ့ ၁၄ နိုင်ငံမြောက် အနိမ့်ကျဆုံးနိုင်ငံအဖြစ် ရောက်ရှိနေတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ဧပြီ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အခါနဲ့ တိုက်ဆိုင်ထုတ်ပြန်တဲ့ ကမ္ဘာ့ သတင်းစာလွတ်လပ်ခွင့်ညွှန်းကိန်း World Press Freedom Index ကို ထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားတာ ဖြစ်ပြီး အာဆီယံ ၁၁ နိုင်ငံမှာ တီမောလတ်စ်တေ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့က သတင်းစာလွတ်လပ်ခွင့် အမြင့်ဆုံး၊ ဗီယက်နမ်၊ မြန်မာနဲ့ လာအိုက အနိမ့်ဆုံးအဆင့်မှာ ကျရောက်နေပါတယ်။

အာရှမှာ မြန်မာနဲ့ ဗီယက်နမ်တို့ဟာ တရုတ်ပြည်ရဲ့ သတင်းလွတ်လပ်ခွင့် ကန့်သတ်တာနဲ့ သတင်းအချက် အလက် ပိတ်ပင်တဲ့ နည်းစနစ်တွေကို ပေါ်ပေါ်တင်တင် အားကျ အတုယူပြီး ကိုယ့်နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ထိန်းချုပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အနေနဲ့ လွတ်လပ်တဲ့အာရှအသံ (RFA) ကလည်း ကြေညာချက်ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူနဲ့ RFA ဆောင်းပါးရှင် ရှင်ဒေဝီ ပြန်လည်လွတ်‌မြောက်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊ သူမအနေနဲ့ မှားယွင်းပြီး သုံးနှစ်ကြာ ထောင်ထဲမှာ အကျဥ်းချခံခဲ့ရကြောင်း၊ ဗီယက်နမ်နိုင်ငံမှာဆိုရင်လည်း RFA သတင်းထောက် သုံးဦး ထောင်ဒဏ်ကျခံနေရကြောင်း၊ တရုတ်၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတွေဟာ သတင်းလွတ်လပ်ခွင့်မှာ အဆိုးဆုံး အဆင့်ရောက်နေတဲ့ နိုင်ငံတွေ ဖြစ်ကြောင်း RFA ဥက္ကဋ္ဌ ဘေးဖန်း (Bay Fang) က ပြောကြားပါတယ်။

၂၀၂၆  ကမ္ဘာ့သတင်းလွတ်ခွင့်ညွှန်းကိန်းအရ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ ဗီယက်နမ်နဲ့ မြန်မာ အနိမ့်ဆုံးအဆင့်ရောက်နေသည်ကို ထိုင်းနိုင်ငံအခြေစိုက် Khaosod သတင်းဌာန ပုံဖော်ထားသည်ကို တွေ့ရစဥ်။
Press freedom at a 25-year low ၂၀၂၆ ကမ္ဘာ့သတင်းလွတ်ခွင့်ညွှန်းကိန်းအရ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ ဗီယက်နမ်နဲ့ မြန်မာ အနိမ့်ဆုံးအဆင့်ရောက်နေသည်ကို ထိုင်းနိုင်ငံအခြေစိုက် Khaosod သတင်းဌာန ပုံဖော်ထားသည်ကို တွေ့ရစဥ်။ (Khaosod English)

သတင်းလွတ်လပ်ခွင့်နေ့ကျင်းပနေ့ချိန် သတင်းစာလွတ်လပ်ခွင့်ဆိုတာ အခွင့်ထူးတစ်ရပ်မဟုတ်ဘဲ အခြေခံ လူ့အခွင့်အရေးတစ်ရပ်ဆိုတာ သတိချပ်စေလိုပါတယ်လို့လည်းပြောပါတယ်။

RSF အဖွဲ့ကြီးရဲ့ ၂၀၂၆ သတင်းစာလွတ်လပ်ခွင့် ညွှန်းကိန်းမှာ အလွတ်လပ်ဆုံးက နော်ဝေနိုင်ငံဖြစ်ပြီး အဆိုးဝါးဆုံးကတော့ အီရီထရီယား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ အီရန်နိုင်ငံတွေဖြစ်ကြပါတယ်။