အကြိမ်ကြိမ်တိုက်ခိုက်ခံနေရတဲ့ စနဲမြို့

ရွှေဟင်္သာရပ်ကွက်က အိမ် ၁၀၀ ဝန်းကျင် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြကြပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ စနဲမြို့ကို မေ ၁၉ ရက် နေ့လယ်မှာ စစ်တပ်ကဗုံးကြဲတိုက်ခိုက်တဲ့အတွက် ရွှေဟင်္သာရပ်ကွက်က အိမ် ၁၀၀ ဝန်းကျင် မီးလောင် ပြာကျခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြကြပါတယ်။

စစ်တပ်က မေလ ၁၀ ရက်နေ့ကစပြီး တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ်ထဲက AA ထိမ်းချုပ် ထားတဲ့ စနဲမြို့ကို ကြည်း၊ ရေ၊ လေတပ်တွေနဲ့ထိုးစစ်ဆင်နေတာပါ။ အာရက္ခတပ်တော် (AA) ကလည်း တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဖက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မတ်လ ၂၄ ရက်နေ့ကလည်း စနဲမြို့ အလယ်ပိုင်းရပ်ကွက်ကို လေကြောင်းကနေ ဒရုန်းနဲ့တိုက်လို့ အိမ်ပေါင်း ဒါဇင်နဲ့ချီမီးလောင်ပြာကျသွားပါတယ်။ အနည်းဆုံး လူ ၄ ယောက်ဒဏ်ရာရတယ်လို့လည်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Daily News မှာဖော်ပြထားပါတယ်။