တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းဖို့ ဒုစစ်ခေါင်းဆောင် ပြော

ထားဝယ်ရေနက်ဆိပ်ကမ်းလို မဟာဗျူဟာမြောက် စီမံကိန်းတွေနဲ့ ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ် သွားလာတာတွေကို နှောင့်ယှက်ဖျက်ဆီးနေတဲ့အဖွဲ့တွေကို ချေမှုန်းဖို့ ပြော။

တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းဖို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တနင်္သာရီတိုင်း မြိတ်နဲ့ ကျွန်းစုမြို့နယ်က တပ်ရင်းတပ်ဖွဲ့တွေကို ဇွန်လ ၂၄ ရက်နေ့က သွားရောက်တွေ့ဆုံချိန်မှာ ပြောလိုက်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က စစ်တပ်ခန့်အစိုးရရဲ့ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နိုင်ငံပိုင်သတင်းစာဖော်ပြချက်အရ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းဟာ မြိတ်တပ်နယ်နဲ့ ကျွန်းစုမြို့နယ်က အရာရှိ၊ စစ်သည်တွေနဲ့ မိသားစုဝင်တွေကို တွေ့ဆုံစကားပြောချိန်မှာ ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းလို မဟာဗျူဟာမြောက် စီမံကိန်းတွေနဲ့ ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ် သွားလာတာတွေကို နှောင့်ယှက်ဖျက်ဆီးနေတဲ့ “အကြမ်းဖက်အဖွဲ့အစည်း” တွေလို့ သုံးနှုန်းထားပြီး အဲဒီအဖွဲ့အစည်း မှန်သမျှကို ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းဖို့ လိုအပ်တယ်လို့ ပြောခဲ့တဲ့အကြောင်း သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မူးယစ်ဆေးဝါးတွေကို နယ်စပ်ဒေသတွေကတစ်ဆင့် ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနေတယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “အကြမ်းဖက်အဖွဲ့အစည်း” တွေကို ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းဖို့ လိုအပ်တယ်လို့ ဒုစစ်ခေါင်းဆောင်ပြောတဲ့ စကားက ရှင်းနေတာပဲဗျာ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တနင်္သာရီတိုင်းအပါအဝင် နိုင်ငံအနှံ့မှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဝင်နေကြတဲ့ PDF လို့ ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကိုပြောတာပါ။ ရက်တစ်ရာအတွင်း ငြိမ်းချမ်းရေးတည်ဆောက်မယ်ပြောလိုက်၊ ချေမှုန်းမယ်ပြောလိုက်နဲ့ နေ့တိုင်း အရပ်သားတွေကို လေကြောင်းကနေ ချေမှုန်းနေတာပါပဲ” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ခန့်အစိုးရက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သုံးနှုန်းပြောဆိုတာဖြစ်ပါတယ်။

တနင်္သာရီတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ တော်လှန်ရေးအင်အားစုတွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ဖို့ လက်နက်ကိုင်ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့တပ်ရင်းအပါအဝင် တစ်နိုင်ငံလုံးက ရဲဘော်တွေက လက်နက်ကိုင်လမ်းစဉ်ကို ဝါသနာပါလို့ ရွေးခဲ့ကြတာမဟုတ်ဘူး၊ အာဏာသိမ်းမှုကို လက်မခံနိုင်လို့၊ ပြည်သူတွေကို ကာကွယ်ဖို့ မလွှဲမရှောင်သာဘဲ လက်နက်ကိုင်ပြီး ခုခံကာကွယ်စစ်ကို ဆင်နွှဲနေကြတာပါ။”

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂ဝဝ၈ ခုနှစ်ကတည်းက မြန်မာနဲ့ ထိုင်းအစိုးရတို့ အကောင်အထည်ဖော်နေတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ရုရှားအစိုးရပါ စီမံကိန်းမှာ ပါဝင်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဒါကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် လိုအပ်တဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က စစ်တပ်ခန့် ဒုတိယသမ္မတ ဦးညိုစောရဲ့ ရုရှားခရီးစဉ်အတွင်း ရုရှားနိုင်ငံ က Inter RAO ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။