စစ်တပ်ခန့်အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ မပါဝင်ဖို့ GSCN နဲ့ SYCB တိုက်တွန်း

စစ်တပ်ခန့်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ “အတုအယောင် ငြိမ်းချမ်းရေး” လုပ်ငန်းစဉ်သာဖြစ်ဟုဆို။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EROs) နဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်တပ်ခန့်အစိုးရက ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ မပါဝင်ကြဖို့ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု (GSCN) နဲ့ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB) တို့က စက်တင်ဘာလ ၂၁ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်ခန့်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့နဲ့ စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲဖို့အတွက် လုပ်ဆောင်တဲ့ “အတုအယောင် ငြိမ်းချမ်းရေး” လုပ်ငန်းစဉ်သာဖြစ်ပြီး ပြည်သူတွေရဲ့ လိုလားချက်အပေါ် အခြေခံထားတာမဟုတ်ဘူးလို့ GSCN နဲ့ SYCB တို့က ပူးတွဲထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

ဒီလို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်တာဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို အထောက်အကူဖြစ်စေနိုင်သလို တော်လှန်ရေးအင်အားစုတွေအကြား သွေးစည်းညီညွတ်မှုနဲ့ အပြန်အလှန်ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ EROs နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တင်းမာမှုတွေကို ရပ်တန့်ပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကို တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့လည်း အဖွဲ့နှစ်ဖွဲ့က တိုက်တွန်းထားပါတယ်။

အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်တပ်ခန့်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသိအမှတ်ပြုထောက်ခံတာ မလုပ်ဘဲ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ပံ့ပိုးကူညီဖို့ GSCN နဲ့ SYCB တို့က တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် တော်လှန်ရေးအင်အားစုတွေအကြား ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ရှေးရှေးတော်လှန်မှုတွေဟာ ယုံကြည်မှုအခြေခံ မတူတာ၊ စွဲကိုင်တဲ့အယူဝါဒ မတူညီတာ၊ စုံလင်ကွဲပြားတာတွေကို စစ်အုပ်စုက အခွင့်ကောင်းယူပြီး သပ်လျှိုသွေးခွဲခဲ့တာကိုလည်း ခံခဲ့ရပြီးပြီ”

စစ်တပ်ခန့်အစိုးရဘက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ အကြိမ်ကြိမ် ပြောဆိုထားပါတယ်။ အခုထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က တစ်စုံတစ်ရာ တုံ့ပြန်လာတာ မတွေ့ရသေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ စစ်ရေးအင်အားသုံးပြီး အတင်းအကျပ်ချမှတ်ထားတဲ့ အတုအယောင်ငြိမ်းချမ်းရေးမျိုးမဟုတ်ဘဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုသာ လိုလားတယ်လို့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားသူတွေအားလုံးနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့လည်း KNU က ပြောထားပါတယ်။

GSCN အဖွဲ့ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ လူမျိုးပေါင်းစုံအခြေပြု မဟာမိတ်အဖွဲ့ဖြစ်ပြီး အရင်က လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီအဖြစ် ရပ်တည်ခဲ့တာပါ။ လက်ရှိမှာတော့ တော်လှန်ရေးအင်အားစုတွေကြား ပေါင်းကူးညှိနှိုင်းပေးတဲ့ Coordination Body အဖြစ် ရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

SYCB ကတော့ တိုင်းရင်းသားလူမျိုးအသီးသီးက ကျောင်းသားနဲ့ လူငယ်အဖွဲ့အစည်းတွေ စုစည်းထားတဲ့ မဟာမိတ်အဖွဲ့ဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။