သမ္မတ ရာထူးယူထားတဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံး ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ နဲ့ PDF တွေ တရားဥပဒေဘောင်အတွင်းဝင်ရောက်ဖို့ ဖိတ်ခေါ်တာဟာ နိုင်ငံရေးမှာ စစ်တပ်က ဆက်ပြီးပါဝင်နေဖို့နဲ့ နိုင်ငံတကာ အသိအမှတ်ပြု တရားဝင်မှုရှိရေးအတွက်သာ ဖြစ်တယ်လို့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေက တုံ့ပြန်ကြပါတယ်။
ဧပြီ ၂ဝရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပထမဆုံးအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးမှာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေကို ရက်ပေါင်း ၁ဝဝ အတွင်း ဆောင်ရွက်မယ်လို့ ပြောခဲ့ပြီး အပစ်ရပ်လက်မှတ်ထိုးထားပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် သူ့ကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေထဲက ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကိုလည်း ဆွေးနွေးပွဲ ဖိတ်ခေါ်တဲ့အကြောင်း ဦးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အခုလို တုံ့ပြန်ပါတယ်။ “အခုကျွန်တော်တို့ ဒီကနေ့မြန်မာနိုင်ငံရေး အခင်းအကျင်းက တစ်ပြည်လုံး အတိုင်းအတာနဲ့ ဖြစ်နေတာဖြစ်တယ်။ ဒီနွေဦးတော်လှန်ရေးကတော့ အဲဒါကြောင့် အရင်ကလို တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ပြီးတော့ ဒီ PDFတွေကို လက်နက်စွန့်လွှတ်ပါဆိုတာမျိုးက မရဘူး။ အခင်းအကျင်းက လုံးဝမတူတော့ဘူး။ အဲဒါကို မင်းအောင်လှိုင်ကနေမှ ကျယ်ကျယ်ပြန့်ပြန့်ကို မစဉ်းစားဘူး။ အဓိကက သူတို့ရဲ့ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ဆက်လက် ရပ်တည်ရေးနဲ့ နိုင်ငံတကာမှာ မျက်နှာသာရရှိအောင်ဆိုတဲ့ သူ့ရဲ့ရပ်တည်ရေးအတွက် အမြတ်အစွန်းထုတ်တာလို့ပဲ မြင်တယ်” အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့အပါအဝင် အတိုက်အခံအင်အားစုတွေဘက်ကတော့ စစ်တပ်ဟာနိုင်ငံရေးက ထွက်ဖို့၊ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာနေဖို့စတဲ့ အချက်တွေကို လက်ခံမှ ဆွေးနွေးနိုင်မယ်လို့ တစိုက်မတ်မတ် ပြောဆိုထားကြပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပေမဲ့ မဖြစ်နိုင်တာတွေ မတောင်းဆိုကြဖို့နဲ့ ငြိမ်းချမ်းရေးကို ဦးမတည်ဘဲ အဖွဲ့အစည်း တည်တံ့ဖို့အတွက်ပဲ လုပ်နေမယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်သွားမယ်လို့လည်း စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်က သတိပေးခဲ့ပါတယ်။
မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေက ဘာတွေလဲဆိုတာကို စစ်ခေါင်းဆောင်ဟောင်းက ထည့်မပြောခဲ့ပါဘူး။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီမှာ အတွင်းရေးမှူးအဖြစ်တာဝန်ယူထားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ “စစ်တပ်ကို နိုင်ငံရေးကထွက်ဖို့ တောင်းဆိုတာဟာ မဖြစ်နိုင်တဲ့တောင်းဆိုချက် ဖြစ်တယ်”လို့ ပြီးခဲ့တဲ့နှစ် မတ်လ ၂၆ ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခမ်းအနားတစ်ခုမှာ ပြောခဲ့ပါတယ်။
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(Spring Revolution Alliance-SRA)ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်ကတော့ စစ်ခေါင်းဆောင်တွေရဲ့ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဟာ ကတိပျက်တာနဲ့ပဲ အဆုံးသတ်ခဲ့တယ်လို့ ပြောပါတယ်။
“ခေတ် အဆက်ဆက် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေမှာ စစ်အုပ်စုဘက်ကနေ စပြီးတော့ သစ္စာဖောက်ခဲ့တာပဲ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ အဲဒါကို ထည့်စဉ်းစားစရာမလိုဘူး ကျွန်တော်တို့ ထည့်မစဉ်းစားဘူး။ နွေဦးတော်လှန်ရေးအတွင်းမှာ လက်နက်ကိုင် တော်လှန်ရေး တပ်တွေ အများအပြား ပေါ်ပေါက်လာတယ်။ အဲဒီ အဖွဲ့တွေ အားလုံးဟာ အတွေးအခေါ် အယူဆ (Ideology)အရ ဖြစ်တည်မှု (Identity)အရ ကိုယ်စားပြုမှုအရ လူမျိုးစုအရ နေရာဒေသအရ ဘယ်လောက်ပဲ ကွဲပြားခြားနားသည် ဖြစ်စေ အားလုံးမှာ ဘုံတူညီတဲ့ အခြေခံ အချက်တစ်ခုရှိတယ်။ အဲဒါက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး အဲလိုမျိုး အခြေခံ အချက်တစ်ခုကို ကိုင်ပြီးတော့မှ ပေါ်ပေါက်လာကြတာ ဖြစ်တယ်။ အဲဒီ အချက်ကို ကိုင်ပြီးတော့ ပေါ်ပေါက်လာကြတဲ့ အဖွဲ့တွေကို အလင်းဝင်ဖို့ လက်နက်ချဖို့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုတဲ့ ပြောတဲ့ ကိစ္စက လက်တွေ့နဲ့ အင်မတန် ဝေးသေးတယ်”
စစ်ခေါင်းဆောင်ဟောင်းက PDF တွေဟာ အဖျက်အမှောင့်လုပ်ရပ်တွေ လုပ်ဆောင်နေကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊ PDF ကိုလည်း တရားဥပဒေအတွင်း ဝင်ဖို့ ဖိတ်ခေါ်ကြောင်းနဲ့ PDF တွေအနေနဲ့ အသုံးချမခံကြဖို့လည်း ဧပြီ ၂ဝရက်နေ့က ပြောခဲ့ပါတယ်။ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အာနိုးကတော့ တော်လှန်ရေးရည်မှန်းချက်တွေ မရမချင်း လက်နက်စွန့်ပြီး အာဏာရှင်လက်အောက်ကို ဝင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။“ကျွန်တော်တို့ ရည်မှန်းချက်က အာဏာရှင်စနစ်အမြစ်ဖျက်ဖို့နဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းဖို့ပဲ ဒီရည်မှန်းချက် မအောင်မြင်မချင်း၊ သွေးမြေကျသွားတဲ့ ရဲဘော်တွေရဲ့ ပေးဆပ်မှုတွေအတွက် တရားမျှတမှုမရမချင်း ကျွန်တော်တို့ ဘယ်တော့မှ လက်နက်စွန့်မှာ မဟုတ်ပါဘူး။ ပြီးတော့ အာဏာရှင်လက်အောက်လည်း ပြန်ဝင်မှာမဟုတ်ပါဘူး” စစ်ဘက်နဲ့လုံခြုံရေးရာသုတေသနအဖွဲ့(MDSI) ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးက စစ်ခေါင်းဆောင်ဟောင်းရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ပုံဟာ နိုင်ငံရေးနည်းလမ်းအရ ညှိနှိုင်းဆွေးနွေးလိုတဲ့သဘောထား မပါဘူးလို့ သုံးသပ်ပါတယ်။“သူတို့အာဏာချုပ်ကိုင်ထားတဲ့ ၂ဝဝ၈ အောက်ကနေပဲ သွား၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ဆိုတာ ဒီပုံစံမျိုး ဒီအခြေအနေအပေါ်မှာပဲ ရပ်တည်တယ်။ နိုင်ငံရေးညှိနှိုင်းဆွေးနွေးအဖြေရှာမယ် ပြောင်းလဲမယ်ဆိုတာကို မတွေ့ရဘူးပေါ့နော်”စစ်တပ်ခန့်ထားတဲ့ အစိုးရအဖွဲ့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်တွေအတိုင်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေထဲက KNU, CNF, ABSDF အပါအဝင် ခြောက်ဖွဲ့ကတော့ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းမှုဟာ NCA ရည်မှန်းချက်နဲ့ အနှစ်သာရကို စစ်တပ်က ချိုးဖောက်လိုက်တာဖြစ်သလို NCA လုပ်ငန်းစဉ်ရပ်ဆိုင်းသွားပြီလို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
