မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်က သရက်ကောင်းပင်ကျေးရွာကို ဇွန်လ ၅ ရက်နေ့မှာ လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကျောင်းသား သုံးဦးအပါအဝင် ငါးဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်နေတာမရှိတဲ့ သရက်ကောင်းပင်ရွာကို စစ်တပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးခြောက်လုံးကြဲချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျောင်းဆင်းချိန်နဲ့ဗုံးကြဲချိန် တိုးသွားတာပါ။ ကျောင်းကလည်း CDM ပညာရေးဝန်ထမ်းတွေ စုပေါင်းပြီးသင်တာပေါ့နော်။ ဖြစ်ဖြစ်ချင်းမှာပဲ သားအဖနှစ်ယောက်လုံးက နေရာမှာတင်ဆုံးတယ်။ ကျောင်းသားသုံးဦး ဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း ကျောင်းသားတွေပါပဲ။ သူတို့ကတော့ ဆေးကုသမှုခံယူနေပါပြီ၊ နေအိမ်ကတော့ ကိုးလုံးလောက် ပျက်စီးသွားပါတယ်”
သေဆုံးသူတွေအထဲမှာ အသက် ၆၅ နှစ်အရွယ် ဦးရဲရွှေ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်လှလှဝင်း၊ အသက် ၁၄ နှစ်အရွယ် မောင်ပောင်ဟိန်းထက်၊ အသက် ၁၃ နှစ်အရွယ် မောင်ရှိုင်းထက်နဲ့ အသက် ၁၀ နှစ်အရွယ် မောင်ကျော်ဇင်တို့ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက ဆဋ္ဌမတန်းကျောင်းသားတွေဖြစ်ကြတဲ့ မောင်လပြည့်မောင်၊ မောင်တရုတ်လေး၊ မောင်ပြည့်ဖြိုးအောင်နဲ့မောင်ဟိန်း စတဲ့ ကျောင်းသားလူငယ် ခုနစ်ဦးထက်မနည်းဟာလည်း ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိထားတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သရက်ကောင်းပင်ရွာအပါအဝင် ရွာသုံးရွာထက်မနည်းက ဒေသခံ နှစ်ရာကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း မလှိုင်မြို့နယ် ရေငွေ့ကျေးရွာကို စက်တပ်လေထီး(Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးကာ လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ဇွန်လ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်တပ်နဲ့ စစ်တပ်လက်အောက် အဖွဲ့အစည်းတွေကြောင့် အရပ်သား ပြည်သူစုစုပေါင်း ၈,၀၈၂ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေး တစ်ထောင်ကျော် (၁,၀၇၄) ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
